ရှေ့သို့
Image

ယူရို-၂၀၂၄ မှာ အင်္ဂလန်အသင်း ဗိုလ်မစွဲနိုင်တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဖီးလစ်လမ်း

11:24 AM, 28 March

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီဂန္တဝင် ဖီးလစ်လမ်းက လာမယ့်နွေရာသီ၊ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် အင်္ဂလန်အသင်းကို မရွေးချယ်ခဲ့ပါဘူး။

ဝါရင့်နောက်ခံလူဟောင်းက အခုနှစ်၊ ဂျာမန်မြေမှာ ကျင်းပမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ့် အသင်းအဖြစ် ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်ကို တစ်ပေးလိုက်ပြီး အင်္ဂလန်ကိုတော့ ငြင်းဆန်သွားခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့ လူစာရင်းပိုင်း အင်အားတောင့်တင်းမှုနဲ့ အရည်အသွေးမြင့်ကစားသမားအများအပြားပိုင်ဆိုင်ထားမှုက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ယူရိုချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေဖြစ်စေတယ်လို့ ဖီးလစ်လမ်းက ရှုမြင်ထားပါတယ်။

ဒီဒီယာဒက်စ်ချမ့်စ်ရဲ့အသင်းက ၂၀၁၆ ခုနှစ်မှာ ဥရောပချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်ကာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့် စိတ်ဓါတ်အပြည့်နဲ့ယှဉ်ပြိုင်တဲ့ ပေါ်တူဂီအသင်းကို လက်မြှောက်ခဲ့ရပါတယ်။ ယူရို-၂၀၂၀ ပြိုင်ပွဲမှာလည်း ဆွစ်ဇာလန်နဲ့ရင်ဆိုင်ရချိန် အံ့အားသင့်ဖွယ်အရေးနိမ့်ပြီး ၁၆ သင်းရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

AFP သတင်းဌာနနဲ့တွေ့ဆုံချိန် ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟောင်း ဖီးလစ်လမ်းက “ပြင်သစ်ကသာ ရေပန်းအစားဆုံးဖြစ်ပါတယ်။ သူတို့အသင်းမှာ အလွန်အရည်အသွေးပြည့်ဝတဲ့ ကစားသမား ၄၀ ဦးလောက် ရှိနေလို့ အခုလို ရိုးရိုးရှင်းရှင်းပြောလိုက်ရတာပါ။ သူတို့အသင်းက အလွန်ဟန်ချက်ညီသလို အပြောင်းအလဲတွေ အလွယ်တကူပြုလုပ်နိုင်ပြီး အရန်ခုံတန်းပေါ်မှာလည်း ပွဲထွက်အဆင့်အတန်းမျိုးရှိတဲ့ ကစားသမားတွေ အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအရာကတော့ ကွင်းထဲမှာ အသင်းတစ်ခုအဖြစ် ပီပီပြင်ပြင်ရှိနေဖို့ပါပဲ”လို့ ပြောပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို လာမယ့်ဇွန် ၁၄ ရက်၊ အိမ်ရှင်ဂျာမနီက စကော့တလန်ကို ဧည့်ခံကစားရင်း ဖွင့်လှစ်သွားပါမယ်။ ဖီးလစ်လမ်းရဲ့ အခုလိုမှတ်ချက်တွေ ရှိနေပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းက ပုံစံကောင်းရနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရဲ့ ဦးဆောင်မှုနဲ့အတူ အကောင်းဆုံး ရှေ့ဆက်နေပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းစာရင်းမှာ ပါဝင်နေပါတယ်။

ပရိသတ်တွေကလည်း ဟယ်ရီကိန်း ဦးဆောင်လာမယ့်အသင်းဟာ ယူရို-၂၀၂၀ ဗိုလ်လုပွဲ၊ အီတလီကို ရှုံးနိမ့်ခဲ့မှုအတွက် ပြန်လည်ပေးဆပ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

#အင်္ဂလန် #ဘိုင်ယန်မြူးနစ် #ယူရို၂၀၂၄ #ဖီးလစ်လမ်း