ရှေ့သို့
Image

ရာသီကုန်အထိ အနားယူရမယ့် ချဲလ်ဆီးကွင်းလယ်ကစားသမား လာဗီယာ

9:06 AM, 28 March

ချဲလ်ဆီးကွင်းလယ်လူ လာဗီယာဟာ ဒဏ်ရာအခြေအနေဆုတ်ယုတ်မှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရလို့ ရာသီကုန်အထိ အနားယူသွားရပါလိမ့်မယ်။ ပြီးခဲ့တဲ့နွေရာသီ ကာလအတွင်း ဆောက်သမ်တန်မှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့ကြေးအမြောက်အများဖြင့် ရောက်ရှိလာတဲ့ အသက်-၂၀ နှစ်အရွယ် ကစားသမားဟာ ဗွေဆော်ဦးဘောလုံးရာသီမှာပဲ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရာသီအစောပိုင်း လေးလတာကာလကို လွဲချော်ခဲ့ပြီးနောက် လာဗီယာက ဒီဇင်ဘာလအတွင်း သူ့ရဲ့အနောက်လန်ဒန်ကစားသမားဘ၀ ပွဲဦးထွက်ကို ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပါတယ်။ ချဲလ်ဆီးနဲ့အတူ ပွဲကစားချိန် တစ်နာရီကျော်လောက်သာ ရရှိထားသူက ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ပြင်းထန်ပေါင်ဒဏ်ရာရရှိပြီးနောက် ကွင်းပြင်ပဆီ ပြန်လည်ထွက်ခွာရဖို့ ဖြစ်တည်လာခဲ့ပါတယ်။

လာဗီယာရဲ့ဒဏ်ရာအပေါ် လတ်တလောစစ်ဆေးအကဲဖြတ်မှုတွေအရ ဒဏ်ရာအခြေအနေဟာ မူလမှတ်ယူထားတာထက် ပိုမိုဆိုးရွားနေပြီး ကစားသမားအနေဖြင့် ရာသီကုန်အထိ အနားယူသွားရဖို့ ရှိနေတယ်လို့ ကလပ်အသင်းဘက်မှ ထုတ်ပြောလာပါတယ်။ ဒါက ရာသီလက်ကျန်ကာလတွေ အတွင်း အသင်းရဲ့အဓိကအခန်းကဏ္ဍမှာ ပါဝင်ကစားပေးလိုနေတဲ့ လာဗီယာအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

မတ်လနိုင်ငံတကာသီတင်းပတ်အပြီး ကလပ်အသင်းပြိုင်ပွဲတွေရဲ့နောက်ဆုံး ပန်းဝင်ချိန်ကာလဆီ ရောက်ရှိလာချိန်မှာ ချဲလ်ဆီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၁ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့တွေက လာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ခွင့်ရနိုင်ဖွယ်ရှိတဲ့ အမှတ်ပေးဇယားအဆင့်-၈ နဲ့ သုံးမှတ်အကွာမှာ ရှိနေပါတယ်။

လက်ရှိမှာ ဘရိုက်တန်က အမှတ်ပေးဇယားအဆင့်-၈ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရဖို့ရှိပြီး အခုရာသီ၊ ဒုတိယမြောက်ပြည်တွင်းဖလား ဗိုလ်လုပွဲတစ်ခုဆီ တက်လှမ်းနိုင်မယ့် အခွင့်အလမ်းတစ်ရပ် ပိုင်ဆိုင်ထားပါတယ်။

ပိုချက်တီနိုရဲ့အသင်းက လာမယ့်စနေနေ့မှာ ဘန်လေအသင်းနဲ့ ရင်ဆိုင်ကစားရင်း နောက်ဆုံး လေးပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ထပ်မံချဲ့ထွင်သွားဖို့ ကြိုးစားသွားပါလိမ့်မယ်။

#ချဲလ်ဆီး #ပရီးမီးယားလိဂ် #လာဗီယာ