ရှေ့သို့
Image

ဂျွန်စတုန်းစ်ကို နှစ်ပွဲဆက်ပွဲထွက်ခွင့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ စပ်လျဉ်းလို့ ကာကွယ်ပြောဆိုလိုက်တဲ့ ဆောက်ဂိတ်

3:41 PM, 27 March

ဒီနေ့မနက်ပိုင်း၊ ဘယ်လ်ဂျီယံနဲ့သရေကျခဲ့တဲ့ ခြေစမ်းပွဲစဉ်အတွင်း ကြွက်သားဒဏ်ရာပြဿနာနဲ့အတူ ကွင်းတွင်းမှခြေထော့နင်းဖြင့် ဂျွန်စတုန်းစ်ထွက်ခွာသွားရပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က မန်စီးတီးစတားရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ စွန့်စားမှုတစုံတရာပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ ဘရာဇီးနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တဲ့ ဂျွန်စတုန်းစ်က ဒီနေ့မနက်ပိုင်းပွဲစဉ်အတွက်လည်း ဗဟိုခံစစ်ပိုင်းမှာ လီဝစ်ဒန့်ခ်နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးကြယ်ပွင့်က ပွဲအစပိုင်းအချိန်တွေမှာပဲ အဆင်မပြေဖြစ်ခဲ့ပြီး စောစောစီးစီး ဂျိုဂိုမက်ဇ်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

ဂျွန်စတုန်းစ်ရဲ့ ဒဏ်ရာပြသနာက မန်စီးတီးအတွက် အခုနိုင်ငံတကာသီတင်းပတ်အတွင်း ဒုတိယမြောက်ဒဏ်ရာပြဿနာထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ ဘရာဇီးကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တဲ့ ကိုင်လီဝေါ်လ်ကာက မန်စီးတီးရဲ့ အခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်လင့်ချက်အတွက် အလွန်အရေးပါလှတဲ့ အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင် ကလပ်အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး ဆောက်ဂိတ်က ဥရောပတလွှားရှိ သက်ဆိုင်ရာတိုင်းပြည်တွေအတွက် ကိုယ်စားပြုကစားနေတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေကို ထောက်ပြကာ ဂျွန်စတုန်းစ်ကို ပွဲထွက်ခွင့်ပေးခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မေးခွန်းထုတ်လာမှုတွေအပေါ် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြက "မဟုတ်ပါဘူး။ ဂျွန်စတုန်းစ်ကို ပွဲထွက်ခွင့်ပေးဖို့ စွန့်စားမှုတစ်ခု လုပ်ဆောင်ခဲ့တာမျိုး မရှိပါဘူး။ ဘရာဇီးနဲ့ရင်ဆိုင်ရတဲ့ သူ့ရဲ့ပထမပွဲစဉ်က ပြိုင်ဆိုင်မှုပိုင်းအရ အရမ်းပြင်းထန်မြင့်မားနေတဲ့ပွဲစဉ်မျိုး မဟုတ်ပါဘူး။ ဒီညမှာ ဗန်ဒိုက်နဲ့အတူ ဟော်လန်အသင်းလုပ်ဆောင်ခဲ့သလိုမျိုး၊ ဟာလန်း၊ အိုဒီဂတ်တို့နဲ့အတူ နော်ဝေအသင်းလုပ်ဆောင်ခဲ့သလိုမျိုး ကျွန်တော်တို့လည်း အတိအကျ လုပ်ဆောင်ခဲ့တာပါ။ နှစ်ပွဲလုံးကို ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။ ဟော်လန်သည်လည်း နသန်အကီကို နှစ်ပွဲလုံးအတွက် ပွဲထွက်ကစားစေခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုရှိလာချိန်မှသာ ကျွန်တော်တို့ဆီ ဖြေရှင်းရမယ့်တာဝန်ကျလာခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် သူ့မှာပြဿနာတစ်ခုရှိလာမယ်ဆိုရင် ကျွန်တော်တို့ စိတ်ပျက်ကြမယ်ဆိုတာ သေချာပါတယ်။ အခုဖြစ်တဲ့ကိစ္စက ကြွက်သားနဲ့ဆိုင်တဲ့ နေရာတဝိုက်မှာပါ။ ဂွန်စတုန်းစ်က နှစ်ပတ်လောက် ပွဲကစားရခြင်းမရှိဘဲ အသင်းဆီ ပူးပေါင်းလာခဲ့တာပါ။ ဒါကြောင့် အခုကိစ္စက ဝန်ပိတဲ့ပြဿနာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကြံ့ခိုင်မှုမပြည့်ဝလို့ ကလပ်အသင်းတွေဆီ ကစားသမားပြန်လွှတ်ရတဲ့ကိစ္စတွေကို ကျွန်တော်မုန်းတီးပါတယ်"လို့ ပြောပါတယ်။

ဘယ်လင်ဟမ်ရဲ့နောက်ဆုံးမိနစ်ချေပဂိုးက အင်္ဂလန်အသင်းကို နှစ်ပွဲဆက်ရှုံးနိမ့်မှု မကြုံတွေ့ရအောင် လမ်းလွှဲပေးနိုင်ခဲ့ပေမယ့် ဆောက်ဂိတ်အတွက်တော့ စိတ်ပျက်စရာနိုင်ငံတကာသီတင်းပတ်တစ်ခုအဖြစ် ရှိနေသေးဆဲပဲဖြစ်ပါတယ်။ ဆာကာနဲ့ ဟယ်ရီကိန်းတို့က ဘရာဇီးနဲ့ပွဲစဉ်မတိုင်ခင် အသင်းလူစာရင်းမှ နုတ်ထွက်သွားသလို ဝေါ်လ်ကာနဲ့ မက်ဂွါရီတို့ကလည်း ဘရာဇီးနဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့လို့ ဘယ်လ်ဂျီယံနဲ့ပွဲစဉ်ကို မပါဝင်နိုင်ခဲ့ပါဘူး။

အာနိုးလ်၊ လုခ်ရှောနဲ့ ဂရီးလစ်ရှ်တို့လည်း အနားယူနေရလို့ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပမာဏလူစာရင်းမရွေးချယ်နိုင်ခင် ဆောက်ဂိတ်အတွက် မေးခွန်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။

ဆောက်ဂိတ်က "အခုအချိန်မှာ ကျွန်တော်တို့ရဲ့ကစားသမား အတော်တော်များများ ပွဲစဉ်တွေနဲ့ လွဲချော်ထားပြီး ဘောလုံးရာသီကလည်း နိဂုံးအဆုံးသတ်ဆီ အရှိန်အဟုန်အပြည့် ရောက်ရှိလာနေဆဲပါပဲ။ နောက်ဆုံး အချိန်မတိုင်ခင်အထိ ကျွန်တော်တို့အတွက် ဘာကျန်နိုင်မလဲဆိုတာ မသိရသေးပါဘူး။ ပြီးရင်တော့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ ချမှတ်သွားရပါလိမ့်မယ်"လို့ ဆိုပါတယ်။

#ဆောက်ဂိတ် #ဂျွန်စတုန်း #ခြေစမ်းပွဲ