ရှေ့သို့
Image

ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲစဉ်မှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ပြသခဲ့တဲ့ မိုင်နူးကို ချီးကျူးလိုက်တဲ့ ဆောက်ဂိတ်

3:26 PM, 27 March

ဒီနေ့မနက်ပိုင်း၊ ဝင်ဘာလေကွင်းမှာ ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရချိန် နှစ်ပွဲဆက် ရှုံးနိမ့်မှုကို ရှောင်လွှဲနိုင်အောင် နောက်ကျသွင်းဂိုးဖြင့် အင်္ဂလန်တို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်စတား ဘယ်လင်ဟမ်က ပြီးခဲ့တဲ့စနေနေ့မှာ ဘရာဇီးကို အရေးနိမ့်ခဲ့တဲ့အင်္ဂလန်အတွက် နောက်ကျချေပဂိုး သွင်းယူပေးရင်း ဘယ်လ်ဂျီယံနဲ့ နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းက ဂိုးသမားပစ်ဖို့ဒ်နဲ့ နောက်ခံလူလီဝစ်ဒန့်ခ်တို့ရဲ့အမှားတွေကြောင့် ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားတိုင်လီမန်းစ်ရဲ့ ဦးဆောင်ဂိုးနှစ်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

ပွဲစဉ်အပြီး အင်္ဂလန်ကယ်တင်ရှင်ဘယ်လင်ဟမ်က “ကျွန်တော်တို့တွေ နှစ်ပွဲဆက် ရှုံးနိမ့်သွားမယ်ဆိုရင် စုတ်ပြတ်သတ်သွားအောင် ဝေဖန်ခံရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အမြင်တွေကို စိတ်ထဲမှာပဲ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ အရင်တုန်းက ကျွန်တော်ကိုယ်တိုင် တွဲမကစားဖူးခဲ့တဲ့ ကောင်လေးတော်တော်များများ ပွဲဦးထွက်အဖြစ် ပါဝင်ကစားလာကြပါတယ်။ ကျွန်တော်တို့အသင်း အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဂိုးသွင်းယူနိုင်သင့်တဲ့ အခွင့်အရေးကောင်းတစ်ကြိမ်ရှိခဲ့သလို အခြားသူတွေရဲ့ကန်ချက်တွေလည်း ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အသင်းကိုကယ်တင်ပေးနိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့လို့ ကျွန်တော် ဝမ်းမြောက်ကျေနပ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်း ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေနဲ့အတူ အနိုင်ရရှိအောင် အမှန်တကယ် စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်နှစ်ပွဲက ယူရိုပြိုင်ပွဲမတိုင်ခင် ကျွန်တော်တု့ိအသင်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိစေပါလိမ့်မယ်။ လူတိုင်းက အဆိုးမြင်တက်ကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အခုလိုပွဲစဉ်တွေမှတဆင့် ပြုပြင်စရာရှိတာတွေကို ပြုပြင်၊ ကောင်းတာတွေကို ဆက်လက်အသုံးချကာ ရှေ့ခရီးဆက်ကြရပါမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဘယ်လင်ဟမ်က မိုင်နူးအပါအဝင် အင်္ဂလန်လက်ရွေးစင်ကစားသမားဘ၀ ပွဲဦးထွက်လာကြတဲ့ အသင်းဖော်တွေကို ချီးကျူးစကားဆိုခဲ့ပါတယ်။ သူက “ထက်မြက်လွန်းလှတဲ့ကစားသမားတွေ ဝင်ရောက်ကစားတာကို မြင်တွေ့ခွင့်ရလို့ နည်းပြကိုယ်တိုင် ဝမ်းမြောက်ကျေနပ်နေမှာ သေချာသလောက်ပါပဲ။ ဒီနှစ်ပွဲလုံးမှာ ကျွန်တော့်ရဲ့အသင်းဖော်တွေနဲ့ပတ်သက်ပြီး ကျေနပ်အားရမိပါတယ်။ အမှန်ပါပဲ၊ အရှုံးတို့၊ သရေတို့ဆိုတာ ဘယ်တော့မှ ပျော်စရာမကောင်းပါဘူး။ ဒါပေမယ့် ပွဲဦးထွက်လာတဲ့ ကစားသမားတွေအနက် အချို့ရဲ့ကစားပုံနဲ့ပတ်သက်ပြီး ကျေနပ်အားရမှု ရှိရပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ အသင်းဆီ ဝင်ရောက်လာသူတိုင်းအပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်။ သူတို့အားလုံး ကစားသမားကောင်းတွေဖြစ်ကြပြီး အကြောင်းပြချက်တစ်ခုကြောင့် အသင်းဆီ ပူးပေါင်းဖို့ ရောက်ရှိလာခဲ့ကြတာပါ။ ဒါကြောင့် ကျွန်တော်တို့ကတော့ အသင်းဆီ ရောက်ရှိလာတဲ့သူတိုင်းကို ယုံကြည်မှုအပြည့်ရှိပါတယ်”လို့ ပြောပါတယ်။

တဖက်မှာလည်း ဘယ်လင်ဟမ်ရဲ့ကယ်တင်ပေးမှုနဲ့ပတ်သက်ပြီး အင်္ဂလန်နည်းပြဆောက်ဂိတ်က “ဘယ်လင်ဟမ်က ဒီညအတွက်တော့ သတင်းခေါင်းကြီးပိုင်းဖြစ်သွားပါပြီ။ သူ့ရဲ့ပြိုင်ဆိုင်မှုပြင်ထန်တဲ့ စိတ်ဓါတ်၊ အနိုင်မခံအရှုံးမပေးလိုတဲ့ ဆန္ဒ၊ နိုင်ပွဲဆာလောင်မှုတွေက အခုလိုသွင်းဂိုးကို ဖြစ်တည်စေခဲ့ပါတယ်။ ဒါပေမယ့် တစ်သင်းလုံးကတော့ ဆုတ်ယုတ်မှုတွေမှပြန်လာနိုင်တဲ့စွမ်းဆောင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဒီညမှာ ကျွန်တော်မြင်တွေ့ခဲ့ရတဲ့အရာတွေနဲ့အတူ ကျွန်တော် အရမ်းကျေနပ်အားရမိပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်မှာ မိုင်နူး၊ ကွန်ဆာနဲ့ အင်္ဂလန်အသင်းအတွက် ဗွေဆော်ဦးချေပဂိုး သွင်းယူပေးတဲ့ တိုနေးတို့ဟာ သူတို့ရဲ့လက်ရွေးစင် ကစားသမားဘ၀ ပထမဆုံးပွဲချိန်ပြည့်ကစားခွင့်ကို ရရှိခဲ့ပါတယ်။

အထူးသဖြင့် မန်ချက်စတာယူနိုက်တက်ဆယ်ကျော်သက်မိုင်နူးက အခုပွဲစဉ်မှာ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး ဆောက်ဂိတ်က “ဖန်တီးမှုအပိုင်းတွေမှာ မိုင်နူးက ကျွန်တော်တို့အတွက် မတူကွဲပြားတဲ့အရာတွေကို ပေးစွမ်းပါတယ်။ သူ့ရဲ့အရည်အသွေးတွေက ကျဉ်းထဲကျပ်ထဲမှာ ဘောလုံးကိုလက်ခံထားပြီး စိန်ခေါ်မှုတွေကို ကြိုးကိုင်ခြယ်လှယ်ဖို့၊ ဖိအားတွေကို ဖိတ်ခေါ်သွားနိုင်ဖို့ အဆင်သင့်ရှိနေခဲ့ပါတယ်။ သူလုပ်ပြခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်အားရမိပါတယ်။ သူက ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်လို့တောင် မထင်ရက်စရာပါ”လို့ ဆက်ပြောခဲ့ပါတယ်။

အလားတူ ပွဲဦးထွက်ပွဲစဉ်နဲ့ပတ်သက်ပြီး တိုနေးက “သွင်းဂိုး ရရှိခဲ့တာကတော့ တကယ့်ကို ထူးခြားလှပါတယ်။ ပွဲပြီးရလဒ်ပိုင်းသာ ရှုံးနိမ့်နေမယ်ဆိုရင် ခံစားချက်တွေ နည်းနည်းတော့ နိမ့်ကျသွားရပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လင်ဟမ်ချေပဂိုး သွင်းယူနိုင်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသင်းက တစုံတရာနဲ့ထိုက်တန်တယ်လို့ ခံစားမိခဲ့ပါတယ်”လို့ ပြောပါတယ်။

#ဆောက်ဂိတ် #ဘယ်လ်ဂျီယံ #ခြေစမ်းပွဲ #မိုင်နူး