ရှေ့သို့
Image

နယ်သာလန်နဲ့ ပွဲစဉ်မှာလည်း ပုံစံကောင်းဆက်လက်ပြသဖို့ ဂျာမနီအသင်းကို တိုက်တွန်းလိုက်တဲ့ နည်းပြ နာဂယ်စ်မန်း

3:28 PM, 26 March

ဇွန်လ၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးပွဲစဉ်အဖြစ် နယ်သာလန်နဲ့ ရင်ဆိုင်ရချိန်မှာ ပြင်သစ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ အရှိန်အဟုန်ကို ဆက်လက်သယ်ဆောင်သွားဖို့ ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်းက လိုလားနေပါတယ်။

ဂျာမနီက ပြီးခဲ့တဲ့စနေနေ့ ခြေစမ်းပွဲစဉ်မှာ ပြင်သစ်ကို အနိုင်ယူပြီး သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုမှတ်တမ်းကို ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။ ဒီညမှာတော့ ယူရိုအိမ်ရှင်အဖြစ် လက်ခံကျင်းပမှုမတိုင်ခင် နောက်ဆုံးအကြိမ်ပြင်ဆင်မှုအဖြစ် နယ်သာလန်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

ဂျာမန်လက်ရွေးစင်အသင်းနည်းပြကတော့ ပြင်သစ်ကို အနိုင်ရရှိမှုဟာ တစ်ပွဲကောင်းရလဒ်ပုံစံမျိုး မဖြစ်စေလိုဘဲ သူ့ရဲ့အပြောင်းအလဲမရှိလူစာရင်းမှာ စွမ်းဆောင်ရည်ကောင်း ဆက်လက်ပြသသွားဖို့ လိုလားနေပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း နာဂယ်စ်မန်းက “ပွဲစဉ်ရဲ့အနုတ်သဘောဆောင်တဲ့ အခိုက်အတန့်တွေမှာတောင် အသင်းသားတွေက ယုံကြည်ချက်အပြည့်နဲ့ လမ်းကြောင်းမှန်အပေါ် ရှိနေဖို့ပါပဲ။ ကျွန်တော်တို့က ယူရိုပြိုင်ပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် လမ်းကြောင်းဆီ ဆက်သွားနေရပါပြီ။ ပြင်သစ်နဲ့ပွဲစဉ်တုန်းကလိုပဲ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းကို အသုံးပြုသွားဖို့ ကျွန်တော် စီစဉ်ထားပါတယ်။ ဘောလုံးမှာ အရန်သင့်စွမ်းဆောင်ရည်တစ်ခု အမြဲတမ်းရှိနေဖို့ လိုအပ်ပါတယ်။ တစ်ပွဲကောင်းဆိုတာ ချိုမြိန်ပေမယ့် ကိုယ်ပိုင်လမ်းကြောင်းအပေါ် ကျွန်တော်တို့တွေ ဆက်လျှောက်လှမ်းသွားဖို့လည်း လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဆင့်မှ စိတ်ပျက်ဖွယ်လှည့်ပြန်ခဲ့ရပြီးနောက် ဂျာမနီအသင်းက အိမ်ရှင်အဖြစ်လက်ခံကျင်းပရမယ့် ယူရိုပြိုင်ပွဲကြီးမှာ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ နာဂယ်စ်မန်းကိုယ်တိုင်လည်း ပြင်သစ်နဲ့ ပွဲစဉ်ရလဒ်ပိုင်းနဲ့ပတ်သက်လို့ ပရိသတ်တွေ ကျေနပ်အားရနေမယ်ဆိုတာ သိရှိထားပြီး ကစားသမားတွေအနေဖြင့် အလုပ်တွေကို ပြင်းပြင်းထန်ထန်အားထုတ်ကြိုးပမ်းဖို့ လိုလားနေပါတယ်။

သူက “အသင်းအနေဖြင့် သက်ဆိုင်ရာရှုထောင့်အသီးသီးမှ အရာရာတိုင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရပါမယ်။ ကျွန်တော်တို့က ပွဲကောင်းတစ်ခုကို ကစားခဲ့ရတာပါ။ ဒါက ကျွန်တော်တို့ရဲ့ပထမဆုံး ခြေလှမ်းဆိုတာ သိရှိထားပြီး အခုအချိန်မှာတော့ နောက်ထပ်ခြေလှမ်းသစ်စတင်ဖို့ လိုအပ်နေပါပြီ။ ဒီညပွဲစဉ်မှာ ကျွန်တော်တို့က အရာရာကို ပျက်စီးပြိုလဲသွားအောင် လုပ်ပစ်လိုက်လို့ မရပါဘူး။ ဒီလိုကြည်နူးမှုရဲ့ အားသာချက်က အခုအချိန်မှာ အသင်းကို အားပေးသူ နည်းနည်းပိုရလာပြီဆိုတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။ ဒီရှုမြင်ပုံအရကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒီအချက်အပေါ် အားကိုးအားထားပြုနိုင်ပါတယ်။ အရာရာတိုင်းက ခမ်းနားနေတယ်လို့ ပြောရမလား၊ မဟုတ်သေးပါဘူး။ ကျွန်တော်တို့က ဒီလိုခမ်းနားမှုတွေကို လုပ်ဆောင်နေတုန်း အခိုက်အတန့်မှာပဲ ရှိနေပါသေးတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

နယ်သာလန်က ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ စကော့တလန်ကို လေးဂိုးပြတ် အနိုင်ကစားပြီး နောက်ဆုံးလေးပွဲဆက်နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားခဲ့ပါတယ်။ ဒီလိုသွင်းဂိုးမှတ်တမ်းမျိုး ပိုင်ဆိုင်ခဲ့ပေမယ့် နယ်သာလန်နည်းပြကိုးမန်းက အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုမရှိဘဲ ဂျာမန်တွေနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းရယူနိုင်ဖို့အတွက် တိုးတက်မှုတွေ လိုအပ်နေသေးတယ်ဆိုတာ သိရှိနေခဲ့ပါတယ်။

ကိုးမန်းက “ဂျာမနီနဲ့ရင်ဆိုင်ရချိန် ကစားကွက်တည်ဆောက်မှုအပိုင်းမှာ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့တွေ ဂိုးတွေအများကြီး ခွင့်ပြုပေးရပါလိမ့်မယ်။ ကျွန်တော်တို့တွေ ပိုပြီးကျစ်ကျစ်လစ်လစ်ကစားဖို့ လိုအပ်သလို တစ်ဦးနဲ့တစ်ဦး ပိုပြီးကောင်းမွန်တဲ့ တွဲဖက်ကစားပုံမျိုး ရှိနေရပါမယ်။ သေချာတာပေါ့၊ ကွင်းတွင်းမှာလှည့်ပတ်ကစားပြီး ဂိုးတွေအများကြီးသွင်းယူကာ အနိုင်ရချင်ပါတယ်။ ဒါပေမယ့် အဆိုးထဲကအကောင်းကတော့ လေးဂိုးပြတ်အနိုင်ယူဖို့ဆိုရင် ဆိုးဆိုးရွားရွားတွေ မလုပ်နေဘူးဆိုတာပါပဲ။ ဘောလုံးပိုင်ဆိုင်ထားချိန် အကောင်းဆုံး ကစားနေခြင်းက ကျွန်တော်တို့ကို အခက်အခဲဖြစ်စေမယ်လို့ မယူဆမိပါဘူး”လို့ ပြောပါတယ်။

#ဂျာမနီ #နယ်သာလန် #နာဂယ်စ်မန်း