ရှေ့သို့
Image

ဂျာမနီကို အရေးနိမ့်ပြီးနောက် ပြင်သစ်အသင်း အတွက် သတိပေးမှုတစ်ခုပြုလုပ်လာတဲ့ အမ်ဘာပေ

2:32 PM, 26 March

ပြင်သစ်လက်ရွေးစင်အသင်း ကပ္ပတိန်အမ်ဘာပေက ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဂျာမနီကို ရှုံးနိမ့်ခဲ့မှုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်စွဲဖို့ရေပန်းအစားဆုံး အသင်းတွေမှာ ပါဝင်နေတဲ့ သူတို့အသင်းအတွက် သတိပေးမှုတစ်ခု ဖြစ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

လိုင်ယွန်မြို့မှာ ယူရို-၂၀၂၄ အိမ်ရှင်တွေကို ဧည့်ခံကစားရတဲ့ပွဲစဉ်အတွင်း ပြင်သစ်အသင်းက ဖလော်ရီယန်ဝက်ဇ်၊ ကိုင်ဟားဗက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲစဉ်ရှုံးနိမ့်မှုက ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီနားကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက် ပြင်သစ်အသင်းရဲ့ဒုတိယမြောက်ရှုံးပွဲဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာလည်း ဂျာမနီနဲ့ပဲ ခြေစမ်းပွဲကစားချိန်မှာ ပြင်သစ်အသင်းက ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါသေးတယ်။

အမ်ဘာပေက “ကျွန်တော်တို့ရှေ့ ရောက်ရှိလာမယ့် ပွဲကြီးပွဲကောင်းတွေမှာ အခုလိုမျိုး ကစားနေဦးမယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင် စိတ်ပျက်စရာတွေ ဖန်တီးနေတာပဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ အဲ့ဒီပွဲစဉ်လည်း ပြီးဆုံးသွားပြီဆိုတော့ အခုအချိန် ကျွန်တော်တို့ရဲ့ရည်မှန်းချက်က တုံ့ပြန်မှုတစ်ခု ပြသသွားဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လက်ရှိကစားပုံက လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိသေးဘူးဆိုတာ ကျွန်တော်တို့ကိုယ်တိုင်သိထားဖို့ လိုအပ်ပါတယ်”လို့ ဒီည၊ ချီလီနဲ့ခြေစမ်းပွဲမတိုင်ခင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းက ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် နောက်ဆုံး ကျင်းပခဲ့တဲ့ အဓိကမေဂျာဖလားပြိုင်ပွဲလေးခုအနက် သုံးခုမှာ နောက်ဆုံးဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နေးရှင်းလိဂ်ချန်ပီယံပြင်သစ်အသင်းက အခုယူရိုပြိုင်ပွဲအတွက် ခိုင်မာအားကောင်းလှတဲ့ အင်္ဂလန်အသင်းနဲ့ အတူ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး အသင်းတွေအဖြစ် ရပ်တည်နေပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေကတော့ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ခြောက်ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တဲ့ ရလဒ်ပိုင်းအပေါ် ထောက်ပြဖို့ လိုလားခဲ့ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် နောက်ဆုံး ကျင်းပခဲ့တဲ့ယူရို-၂၀၂၀ပြိုင်ပွဲမတိုင်ခင် သူတို့တွေက အကောင်းဆုံးပုံစံ ရှိနေခဲ့ပေမယ့် ၁၆ သင်းရှုံးထွက်အဆင့်မှာပဲ ဆွစ်ဇာလန်ကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

အမ်ဘာပေက “အဓိကပြိုင်ပွဲကြီးတွေမတိုင်ခင် ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ကျွန်တော်တို့တွေ ရှုံးနိမ့်ခဲ့ပေမယ့် ပြိုင်ပွဲကာလအတွင်းမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အသင်းကိုတည်ဆောက်ဖို့ ခြေစမ်းပွဲစဉ်တွေမှာ အကောင်းဆုံး အနိုင်ယူရင်း ပြိုင်ပွဲကြီးတွေဆီ ချီတက်လာခဲ့ပေမယ့် ရှုံးထွက်အဆင့်မှာပဲ အဆုံးသတ်ပြီး စောစောစီးစီးအိမ်ပြန်ခဲ့ရတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ခြေစမ်းပွဲစဉ်တွေက အခြေအနေတွေကို ညွှန်ပြပေးနေပေမယ့် ပကတိအရှိတရားတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ခြေစမ်းပွဲစဉ်တွေမှာ ဂျာမနီကို နှစ်ကြိမ်တိုင်ရှုံးနိမ့်ခဲ့ပေမယ့် ပြိုင်ပွဲကြီးတွေမှာတော့ သူတို့ကို မရှုံးနိမ့်ခဲ့ဖူးပါဘူး”လို့ ပြောပါတယ်။

ပြင်သစ်က ဂျာမန်မြေမှာ ဇွန် ၁၄ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမယ့် ယူရိုပြိုင်ပွဲအတွက် နယ်သာလန်၊ သြစတြီးယား၊ ဝေးလ်(သို့မဟုတ်)ပိုလန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

#ဂျာမနီ #ပြင်သစ် #အမ်ဘာပေ