ရှေ့သို့
Image

စပိန်ဟာ လူမျိုးရေးခွဲခြားတဲ့ တိုင်းပြည်မဟုတ်ဘူးလို့ ဘရာဇီးနဲ့ပွဲစဉ် မတိုင်ခင် ထုတ်ပြောလာတဲ့ ကာဗာဂျယ်လ်

2:20 PM, 26 March

လူမျိုးရေးခွဲခြားမှုအပေါ် ဆန့်ကျင်သွားဖို့ ပြင်ဆင်နေတဲ့ ဘရာဇီးနဲ့ ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ် မတိုင်ခင် စပိန်နောက်ခံလူကာဗာဂျယ်လ်က သူ့ရဲ့အမိနိုင်ငံတော်ဟာ လူမျိုးရေးခွဲခြားတဲ့တိုင်းပြည်မဟုတ်ဘူးလို့ ယမန်နေ့(တနင်္လာနေ့)မှာ ထုတ်ပြောလာပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း ဗလန်စီယာနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ဘောလုံးကမ္ဘာတစ်ခုလုံးစိတ်ဆိုးဒေါသထွက်စေတဲ့ ဖြစ်ရပ်တစ်ခုနဲ့အတူ လတ်တလောနှစ်ပိုင်းတွေမှာ ဘရာဇီးနဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီစီးယက်စ်ဆီ ဦးတည်ပြီး လူမျိုးရေးခွဲခြားတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

စပိန်က လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးဆောင်ပုဒ် “One Skin” ကို ကိုင်ဆွဲပြီး ဗင်နီစီးယက်စ်ရဲ့ ဘရာဇီးအသင်းနဲ့အတူ ဒီညပိုင်း၊ ဘာနေဗျူးကွင်းကြီးမှာ ခြေစမ်းပွဲစဉ်ကစားရပါမယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဗင်နီစီးယက်စ်ရဲ့ရီးရဲလ်မက်ဒရစ်အသင်းဖော် ကာဗာဂျယ်လ်က “စပိန်ဟာ လူမျိုးရေးခွဲခြားတဲ့ တိုင်းပြည်တစ်ခုမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့တွေက ဗဟုယဉ်ကျေးမှုပုံစံကို အမြင့်ဆုံးအဆင့်မှာ လက်ခံထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရိုးသားနှိမ့်ချတဲ့မိသားစုတစ်ခုမှ ဆင်းသက်လာပြီး လီဂါနက်အရပ်မှာ လူမျိုးပေါင်းစုံကောင်လေးတွေနဲ့အတူ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ ကျွန်တော့်မှာ အသားအရောင်ကွဲပြားတဲ့ မိတ်ဆွေသူငယ်ချင်း အများကြီးရှိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ကာဗာဂျယ်လ်က ပရိသတ်တွေအနေဖြင့် သူတို့ရဲ့စိတ်ပျက်နေရမှုတွေကို ထုတ်လွှတ်နိုင်ဖို့ အားကစားလောကအတွင်း အလွန်ရုပ်ဆိုးအကျဉ်းတန်တဲ့ နည်းလမ်းတစ်ခုအဖြစ် ဘောလုံးသမားတွေအပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ တွေးနေခဲ့ပါတယ်။

သူက “ဝမ်းနည်းစရာကတော့ ဘောလုံးကွင်းတွေဆီ ရောက်ရှိလာသူတွေက သူတို့ရဲ့အမျက်ဒေါသတွေကို ကွင်းတွင်းမှာ ဖြေလွှတ်လိုက်မယ်လို့ ယူဆထားပုံရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါက တစ်စုံတစ်ဦးကိုနာကျင်ရတယ်လို့ မြင်လိုက်ရချိန် ပိုပြီးလုပ်ပြလာကြပါတယ်။ စိတ်မကောင်းစရာပါပဲ။ အဲ့ဒီလိုကိစ္စတွေက အားကစားလောကအတွက် ရုပ်ဆိုးအကျည်းတန်ဆုံးအရာဖြစ်လို့ ဒီလိုပရိသတ်တွေကို ကွင်းတွင်းဝင်ရောက်ဖို့ ခွင့်မပြုပေးသင့်ပါဘူး”လို့ ပြောပါတယ်။

အသက်-၂၃ နှစ်အရွယ် တောင်ပံကစားသမား ဗင်နီစီးယက်စ်ဟာ စပိန်နိုင်ငံတစ်ဝန်းရှိ အားကစားကွင်းတွေမှာ လူမျိုးရေးခွဲခြားမှုတွေရဲ့ အဓိကပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုလအစောပိုင်း၊ အင်တာမီလန်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အက်သလက်တီကိုမက်ဒရစ်ပရိသတ်တွေက ဗင်နီစီးယက်စ်ကို ရည်ရွယ်ပြီး လူမျိုးရေးခွဲခြားတဲ့အော်ဟစ်မှုတွေကို ပြုလုပ်ခဲ့လို့ ကစားသမားကိုယ်တိုင်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

#ဘရာဇီး #စပိန် #ကာဗာဂျယ် #ခြေစမ်းပွဲ