ရှေ့သို့
Image

ဇာတိမြို့ ရိုဆာရီယိုသို့ပြန်ပါက အသတ်ခံရမယ်လို့ ခြိမ်းခြောက်စာပို့ခံထားရတဲ့ ဒီမာရီယာ

1:51 PM, 26 March

ဘင်ဖီကာနဲ့ အာဂျင်တီးနားကြယ်ပွင့် အိန်ဂျယ်ဒီမာရီယာဟာ ဇာတိမြို့ဖြစ်တဲ့ ရိုဆာရီယိုသို့ ပြန်လာမယ်ဆိုရင် အသတ်ခံရဆိုတဲ့ ခြိမ်းခြောက်စာ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ခြိမ်းခြောက်စာကို မှတ်စုတစ်ခုပေါ်မှာရေးသားထားပြီး ဒေသစံတော်ချိန် တနင်္လာနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှာ မီးခိုးရောင်ကားတစ်စီးပေါ်ကနေ ပစ်ချသွားခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ မှတ်စုပစ်ချသွားတဲ့နေရာဟာ ဒီမာရီယာနဲ့ သူ့ရဲ့မိသားစုတွေ နေထိုင်တဲ့နေရာမှာ ရှိနေပြီး လိပ်စာအရလည်း ကစားသမားရဲ့ အိမ်ဖြစ်နေကာ ရိုဆာရီယိုသို့မပြန်ဖို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။ မှတ်စုကိုအနက်ရောင် ပလက်စတစ်အိတ်တစ်လုံးနဲ့ထုပ်ပိုးပြီး အိမ်ရှေ့ ဂိတ်တံခါးနားမှာ ပစ်ချသွားတာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။

ခြိမ်းခြောက်စာမှာ “ခင်ဗျားရဲ့သား အိန်ဂျယ်ကို ရိုဆာရီယိုကိုနောက်တစ်ကြိမ် ပြန်မလာဖို့ပြောလိုက်ပါ။ တကယ်လို့ပြန်ခဲ့မယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့မိသားစုဝင်တစ်ယောက်ကိုသတ်ပစ်ပြီး သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်ပါမယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း ခင်ဗျားတို့ကို ကူညီနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အခုလို စာတွေပဲလိုက်ပစ်နေတတ်တာမဟုတ်ပါဘူး။ လူသေအလောင်းတွေကိုလည်း ပစ်တတ်ပါတယ်” လို့ရေးသားထားတာဖြစ်ပါတယ်။

သတင်းဌာနတွေအနေနဲ့ ဒီခြိမ်းခြောက်မှုနောက်ကွယ်က အကြောင်းအရင်းကိုမသိရသေးသလို ဒီမာရီယာကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အသိပေးခြင်းမရှိသေးပါဘူး။ ဒီအမှုဟာ လွန်ခဲ့တဲ့ ၁ နှစ်က လီယွန်နယ်မက်ဆီခြိမ်းခြောက်ခံခဲ့ရတဲ့ ဖြစ်ရပ်ကို ထင်ဟပ်စေခဲ့ပြီး ထိုစဉ် မက်ဆီရဲ့ဇနီးဖြစ်သူ အန်တိုနယ်လာပိုင်ဆိုင်တဲ့ စတိုးဆိုင်တစ်ဆိုင်ကို အကြမ်းဖက်သူတွေက ဖျက်ဆီးခဲ့ကာ “ငါတို့မင်းကိုစောင့်နေတယ် မက်ဆီ” ဆိုတဲ့မက်ဆေ့ကို ရေးသားခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီမာရီယာတို့ခြိမ်းခြောက်ခံရတဲ့ စာရွက်ကို ရဲတပ်ဖွဲ့ သိမ်းဆည်းထားခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကိုဖော်ထုတ်နိုင်ဖို့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမား ဒီမာရီယာအနေနဲ့ ဘာကြောင့် ဒီလိုပစ်မှတ်ထားခံရလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ သတင်းတွေအရ ခြိမ်းခြောက်စာပေးပို့သူတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိစရာဖြစ်ကြောင်း သိရပါတယ်။

#ဒီမာရီယာ #အာဂျင်တီးနား #ဘင်ဖီကာ