ရှေ့သို့
Image

ဘယ်လ်ဂျီယံနဲ့ခြေစမ်းပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပေးရမယ့် ဒီကလန်ရိုက်စ်

10:17 AM, 26 March

ဒီည၊ ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ်ကို လက်ရွေးစင်ကစားသမားဘ၀ ပွဲ ၅၀ မြောက်အဖြစ် ဖြတ်သန်းရဖို့ ရှိနေချိန်မှာပဲ ဒီကလန်ရိုက်စ်ဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရဖို့ရှိလာလို့ စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင် အသင်းရဲ့အမြဲတမ်းကပ္ပတိန်အဖြစ်တာဝန်ယူထားတဲ့ ဟယ်ရီကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်ဆီ ပြန်သွားခဲ့သလို ဘရာဇီးကိုအရေးနိမ့်ခဲ့တဲ့ စနေနေ့ပွဲစဉ်အတွက် အသင်းခေါင်းဆောင်တာဝန်ယူခဲ့တဲ့ ကိုင်လီဝေါ်လ်ကာကလည်း ပွဲအစပိုင်းမှာပဲ ဒဏ်ရာပြဿနာပေါ်ပေါက်လာလို့ လက်ရှိမှာ မန်စီးတီးအသင်းဆီ ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။

ဟန်ဒါဆန်၊ ထရစ်ပီယာနဲ့ မက်ဂွါရီတို့အပါအဝင် စီနီယာကစားသမား အများစုကလည်း ဒဏ်ရာပြဿနာတွေ ရှိနေကြလို့ ဆောက်ဂိတ်က အသင်းအတွက်အရေးပါတဲ့ ကွင်းလယ်လူအဖြစ် ခြေစွမ်းပြနေတဲ့ ဒီကလန်ရိုက်စ်ကို အသင်းခေါင်းဆောင်တာဝန် ပေးအပ်ခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမားက “အရိုးသားဆုံးပြောရရင် အခုလိုတာဝန်ပေးအပ်လာချိန်မှာ ကျွန်တော့်မှာ စကားလုံးတွေပျောက်ဆုံးသွားပြီး ပြောစရာစကားမရှိလောက်အောင် ဖြစ်သွားခဲ့ရပါတယ်။ မနေ့ညပိုင်းတုန်းက မင်းတော့ အသင်းကပ္ပတိန်ဖြစ်တော့မယ်လို့ ကျွန်တော့်ကို ဆောက်ဂိတ်ပြောလာချိန် ကျွန်တော်ကိုယ်တိုင် သူ့ကိုပွေ့ဖက်၊ လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် အများကြီးပေးဆပ်ရပါဦးမယ်။ လက်ရွေးစင်အသင်းဆီ ကျွန်တော် ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်ကတည်းက သူက ကျွန်တော့်ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ လက်အောက်မှာ ကျွန်တော် သက်တောင့်သက်သာကစားနိုင်ပြီး ယုံကြည်မှုတွေ တိုးပွားလာတယ်လို့လည်း ခံစားရပါတယ်။ ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားဘ၀ ပွဲ ၅၀ ပြည့်မြောက်ချိန် ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေရှေ့မှောက် ဝင်ဘလေကွင်းဆီ ဦးဆောင်ဝင်ရောက်ရမှာ လုံးဝဂုဏ်ယူစရာပါပဲ”လို့ ပြောပါတယ်။

ဒီညပွဲစဉ်က ဆောက်ဂိတ်အတွက် ယူရို-၂၀၂၄ ပြိုင်ပွဲဝင်လူစာရင်း တည်ဆောက်ခြင်းမတိုင်မီ နောက်ဆုံးအကြိမ်ခြေစမ်းပွဲကစားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရရှိဖို့ ကစားသမားတွေဘက်ကလည်း အပြင်းအထန်ကြိုးစားအားထုတ်ကစားပါလိမ့်မယ်။ ဒါပေမယ့် လက်ရွေးစင်ကစားသမားဘဝပွဲဦးထွက်နောက်ပိုင်း ငါးနှစ်တာကာလအတွင်း ဆောက်ဂိတ်ရဲ့ အယုံကြည်ရဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်လာအောင် စွမ်းဆောင်ထားနိုင်တဲ့ အသက်-၂၅ နှစ်အရွယ်ကွင်းလယ်လူကတော့ ဒီလူစာရင်းမှာ ပါဝင်လာနိုင်ဖွယ်ရှိနေတာ သေချာသလောက်ပါပဲ။

ပြီးခဲ့တဲ့ရာသီ၊ ဝက်စ်ဟမ်းကို ယူရိုပါကွန်ဖရန့်လိဂ်အောင်ပွဲဆီ ဦးဆောင်ခေါ်ယူပေးသွားတဲ့ ကစားသမားနဲ့ပတ်သက်လို့ ဆောက်ဂိတ်က “ဒီကလန်ရိုက်စ်က ငယ်ငယ်ရွယ်ရွယ်မှာပဲ အရမ်းကောင်းတဲ့ ခေါင်းဆောင်မှုအတွေ့အကြုံကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ခေါင်းဆောင်မှုအရည်အသွေးကိုပြသဖို့ ကျွန်တော်တို့ရဲ့ လူငယ်ကစားသမားအချို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အဓိကစီနီယာကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ ကိုင်လီဝေါ်လ်ကာ၊ ထရစ်ပီယာနဲ့ မက်ဂွါရီတို့က ကျွန်တော်တို့နဲ့အတူ မရှိနေပါဘူး။ ဒါကြောင့် အခုအချိန်က အသင်းနဲ့ပတ်သက်လို့ မတူကွဲပြားတဲ့ ဟန်ချက်တစ်ခု၊ မတူကွဲပြားတဲ့ ခံစားချက်တစ်ခု ဖြစ်နေပါလိမ့်မယ်။ ဒါက အခြားသူတွေအတွက် နောက်တစ်ဆင့်တက်လှမ်းဖို့၊ ဦးဆောင်ပေးဖို့၊ ဖွံ့ဖြိုးတိုးတက်လာဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်နေပါတယ်။ အခုအချိန်မှာ ပါဝင်နေတဲ့ ကစားသမားအများစုဟာ ကာလလတ်နဲ့ ကာလရှည် အသင်းအတွက် အနာဂတ်တွေ ဖြစ်နေကြလို့ ဒီအခွင့်အရေးက အလွန်အရေးပါနေပါတယ်။ သူတို့မှာ ဒီလိုအတွေ့အကြုံကောင်းတွေ ပိုရလာတာနဲ့အမျှ လူတိုင်းအတွက် အကူအညီတွေ ပိုဖြစ်လာနိုင်စေပါတယ်”လို့ ပြောပါတယ်။
#ဘယ်လ်ဂျီယံ #ခြေစမ်းပွဲ ဒီကလန်ရိုက်စ်