ရှေ့သို့
Image

ဝေါ်လ်ကာ ဒဏ်ရာရသွားတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဗင်နီစီးယက်စ်

3:46 PM, 25 March

ဘရာဇီးတောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာက အင်္ဂလန်ကို ၀-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အင်္ဂလန်နောက်ခံလူ ကိုင်လီဝေါ်လ်ကာနဲ့ အမြဲတမ်း ယှဉ်ပြိုင်လိုခဲ့ကြောင်းနဲ့ ဝေါ်လ်ကာအနေနဲ့ ဒဏ်ရာရပြီး ပွဲအစ မိနစ် ၂၀ မှာပဲ ထွက်ခွာသွားခဲ့တာက စိတ်ပျက်စရာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဝေါ်လ်ကာဟာ တံကောက်ကြောဒဏ်ရာကြောင့် ပွဲအစ မိနစ် ၂၀ မှာပဲ လူစားလဲခံခဲ့ရတာကြောင့် ဗင်နီစီးယက်စ်က အားမလိုအားမရဖြစ်နေပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူနဲ့ ယှဉ်ပြိုင်ရမယ့်အခွင့်အရေးကို လွဲချော်ခဲ့ရတယ်လို့ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က “အကုန်လုံးအတွက် ဝမ်းနည်းစရာကောင်ပါတယ်။ ကစားသမားတစ်ယောက်ဒဏ်ရာရပြီး ကွင်းထဲကနေ ထွက်ခွာသွားရင် သူ့အတွက်ပဲမဟုတ်ဘူး။ ကွင်းထဲမှာကျန်ခဲ့တဲ့ ကစားသမားတွေ အတွက်ရော ပရိသတ်တွေ အတွက်ပါ ဝမ်းနည်းစရာကောင်းတာပါ” “ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင်ကစားချင်ပါတယ်။ ဝေါ်လ်ကာနဲ့ပတ်သက်ပြီး ကျွန်တော်အမြဲတမ်း ပြောပါတယ်။ သူက ကျွန်တော်ကြုံဖူးသမျှထဲမှာ အကောင်းဆုံး နောက်ခံလူဖြစ်ပြီး သူပါတဲ့ပွဲက အမြဲတမ်းပွဲကြီးပွဲကောင်းပါပဲ။ သူက ကျွန်တော့်ကိုလေးစားသလို၊ ကျွန်တော်ကလည်း သူ့ကိုအများကြီးလေးစားပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးပါ”လို့ပြောကြားခဲ့ပါတယ်။

ဝေါ်လ်ကာနဲ့ ဗင်နီစီးယက်စ်တို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြင်းထန်တဲ့ပြိုင်ဘက်တွေအဖြစ် မကြာခဏရင်ဆိုင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ လာမယ့်လမှာ ကျင်းပမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် အဆိုပါကစားသမား ၂ ဦးရဲ့ ရင်ဆိုင်မှုကို ဆက်လက်မြင်တွေ့သွားဖို့ရှိနေပါတယ်။

သို့သော်လည်း ဝေါ်လ်ကာအနေနဲ့ လက်ရှိဒဏ်ရာက ဘယ်အချိန်မှာ သက်သာလာမလဲဆိုတာ မသိရသေးပါဘူး။ တကယ်လို့ ဒဏ်ရာကနေ သက်သာပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာမယ်ဆိုရင်တော့ အင်္ဂလန်လက်ရွေးစင်ကစားသမားအနေနဲ့ ဧပြီလ ၉ ရက်နေ့မှာ ဆန်တီယာဂိုဘာနေဗျူး၊ ဧပြီလ ၁၇ ရက်နေ့မှာ အီတီဟတ် တို့မှာကျင်းပမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။

#အင်္ဂလန် #ဗင်နီစီးယက်စ် #ဝေါ်လ်ကာ