ရှေ့သို့
Image

ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်မှာ အိုင်ဗန်တိုနေးကို အသုံးပြုသွားမယ်လို့ ပြောကြားလိုက်တဲ့ ဆောက်ဂိတ်

3:15 PM, 25 March

အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က အင်္ဂါနေ့မှာကစားမယ့် ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲစဉ်မှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို အသုံးပြုသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာကြောင့် ကစားသမားအနေနဲ့ လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ကစားနိုင်ဖို့အတွက် ယခုပွဲစဉ်မှာ ခြေစွမ်းကောင်းကို ပြသသွားနိုင်ဖို့ လိုနေပါတယ်။

ဘရန့်ဖို့ဒ်ကြယ်ပွင့်ဟာ လောင်းကစားပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် အက်ဖ်အေရဲ့စောင့်ကြည့်ခြင်းကို ခံခဲ့ရပြီး အခုချိန်မှာတော့ ကလပ်အသင်းအတွက်ပြန်လည် ပါဝင်လာနိုင်ပြီး အကျိုးသက်ရောက်မှုကို ပြသထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာလည်း ရွေးချယ်ခြင်းခံခဲ့ရပြီး လာမယ့် ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာတော့ ပါဝင်လာနိုင်ဖို့ အခွင့်အလမ်းများနေပါတယ်။

တိုနေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁ ကြိမ်သာ ပါဝင်ကစားပေးခဲ့ဖူးပြီး ပြီးခဲ့နှစ်မတ်လက ယူကရိန်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် နောက်ကျချိန်မှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ခြေကျင်းဝတ်ဒဏ်ရာရနေတာကြောင့် တိုနေးအနေနဲ့ အခွင့်အရေးရလာခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ပွဲမှာ ခြေစွမ်းပြကာ လာမယ့်နွေရာသီ ဂျာမနီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲမှာပါဝင်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာ အသက်-၂၈ နှစ်အရွယ်ကစားသမားကို ထည့်သွင်းဖို့ရှိမရှိနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာ ဆောက်ဂိတ်က “ကျွန်တော် ဒါကိုဖုံးမထားနိုင်ပါဘူး။ သူကစားရမယ်ဆိုတာ သူသိပါတယ်။ ဒါက သူ့ရဲ့ပွဲထွက်ကစားသမား စာရင်းမှာ ပထမဆုံးပါဝင်ခြင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်သူ့အနေနဲ သိထားရမယ့်အချက်က အင်္ဂလန်လိုအသင်းမှာ ဘယ်ကစားသမားမှ အခွင့်အရေးများများစားစားမရပါဘူး။ ကစားသမားတိုင်းဒါကိုသိထာဖို့လိုပါတယ်။ ဒါပေမယ့် သူကယုံကြည်မှုရှိတဲ့ကစားသမားပါ။ သူ့ရဲ့ကလပ်မှာပုံစံကောင်းပြနိုင်ခဲ့လို့ ကျွန်တော်တို့ သူ့ကိုရွေးချယ်ခဲ့တာပါ။ အင်္ဂါနေ့ သူကွင်းထဲမှာရှိနေပါလိမ့်မယ်” “ကျွန်တော် သူ့ရဲ့ယုံကြည်မှုရှိတဲ့ပုံစံကို သဘောကျပါတယ်။ ရင်ကော့ခေါင်းမော့ပြီး ယုံကြည်မှုပြင်းထန်တာက အရေးကြီးတဲ့အချက်ပါ။ ထိပ်တန်းကစားသမားတွေမှာ ဒီလိုစိတ်ဓာတ်မျိုးရှိကြပါတယ်။ သူက အားသာချက်တွေအများကြီးရှိတဲ့ကစားသမားပါ။ အဓိကကတော့ အသင်းနဲ့ဟန်ချက်ညီအောင်ကစားနိုင်ဖို့လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #အိုင်ဗန်တိုနေး #ခြေစမ်းပွဲ