ရှေ့သို့
Image

ခြေစွမ်းတိုးတက်လာခြင်းက ယူရို ၂၀၂၄ အတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ဖို့ အကူအညီဖြစ်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ဂယ်လာဟာ

3:05 PM, 25 March

ချဲလ်ဆီးကွင်းလယ်လူ ကော်နာဂယ်လာဟာက သူ့အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ပြီး ခြေစွမ်း တိုးတက်လာအောင် ကြိုးစားခြင်းက လာမယ့်နွေရာသီ ၂၀၂၄ ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်နိုင်ဖို့ အကူအညီဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတဲ့ချဲလ်ဆီးဟာ ဒီရာသီမှာလည်း ဆက်လက်ရုန်းကန်နေရသော်လည်း ဂယ်လာဟာကတော့ ပုံစံကောင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ပြသထားနိုင်တဲ့ ချဲလ်ဆီးရဲ့ ကစားသမားအနည်းငယ်ထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မော်ရီစီယိုပိုချက်တီနိုရဲ့အသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာရပ်တည်နေတဲ့အပြင် မကြာသေးမီကလည်း ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ လီဗာပူးကို ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ရဲ့နောက်ဆုံးဖလားမျှော်လင့်ချက်ဟာ အက်ဖ်အေဖလားသာကျန်ရှိတော့ပေမယ့် ချဲလ်ဆီးဟာ လက်ရှိချန်ပီယံမန်ချက်စတာစီးတီးနဲ့ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဘရာဇီးကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်ရခဲ့တဲ့ ဂယ်လာဟာက အခုချိန်မှာတော့ ပုံစံကောင်ကိုဆက်လက်ထိန်းသိမ်းပြီး ဆောက်ဂိတ်ရဲ့ ယူရို ၂၀၂၄ လူစာရင်းမှာ ပါဝင်နိုင်ဖို့ကြိုးစားသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

အသက်-၂၄ နှစ်အရွယ်ကစားသမားက “ဘောလုံးနဲ့ ပတ်သက်ပြီး နိုင်ငံအသင်းမှာပဲဖြစ်ဖြစ် ကလပ်အသင်းမှာပဲဖြစ်ဖြစ် နေရာတိုင်းမှာ အတွေ့ကြုံတွေယူနိုင်ရင် သေချာပေါက်တိုးတက်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ အင်္ဂလန်ရဲ့လာမယ့် ပွဲစဉ်တွေနဲ့ ချဲလ်ဆီးမှာ ကျွန်တော်ရခဲ့တဲ့ အတွေ့အကြုံတွေက ကျွန်တော့်ကို အကူအညီအများကြီးပေးပါလိမ့်မယ်။ ကျွန်တော်ဒီရာသီမှာ အများအားဖြင့် ချဲလ်ဆီးအတွက် အသင်းခေါင်းဆောင်တစ်ယောက်အဖြစ်ကစားခဲ့ပြီး ဒါက ကျွန်တော့်ရဲ့ ကစားသမားဘဝကို တိုးတက်စေတယ်လို့ထင်ပါတယ်။ ကလပ်မှာ ကောင်းကောင်းစွမ်းဆောင်နိုင်တာက နိုင်ငံအသင်းမှာရွေးချယ်ခံရဖို့လည်း အများကြီးအကူအညီဖြစ်စေပါတယ်။ ချဲလ်ဆီးအတွက် အတတ်နိုင်ဆုံးကြိုးစားပြီး အင်္ဂလန်မှာပါဝင်ဖို့အခွင့်အရေးကို အရယူသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ပုံစံကောင်းရနေသော်လည်း ဂယ်လာဟာက ချဲလ်ဆီးမှာ ဆက်လက်တည်ရှိနေဖို့ မသေချာဘဲ လာမယ့် နွေရာသီမှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့် ကစားသမားရဲ့အနာဂတ်ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲနိုင်သေးတာဖြစ်ပါတယ်။ သို့သော်လည်း ဂယ်လာဟာက အနာဂတ်က ရှင်းရှင်းလင်းလင်းမရှိသော်လည်း သူ့ရဲ့ဘောလုံးစွမ်းရည်ကိုထိခိုက်စေမှာမဟုတ်ဘဲ ယူရိုပြိုင်ပွဲအတွက် တိုက်ပွဲဝင်သွားမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကွင်းလယ်လူက “ကျွန်တော့်ရဲ့အနာဂတ်က ပြတ်သားမှုမရှိပေမယ့် အသင်းပြောင်းဖို့ကြုံလာရင်လည်း ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ပြီး အင်္ဂလန်အတွက် ကစားပေးနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဂယ်လာဟာ #ပရီးမီးယားလိဂ်