ရှေ့သို့
Image

ယူရို၂၀၂၄ပြိုင်ပွဲမှာ လုခ်ရှောက အင်္ဂလန်အသင်းအတွက် ကစားပေးနိုင်မှာမဟုတ်ဘူးလို့ ပြောကြားလာတဲ့ ဆောက်ဂိတ်

3:02 PM, 25 March

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်က အသင်းရဲ့ဘယ်နောက်ခံ လုခ်ရှောဟာ လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အသင်းအတွက် ပြိုင်ပွဲတစ်လျှောက်လုံး ပွဲစဉ်တိုင်းမှာပါဝင်ကစားဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကနောက်ခံလူဟာ ဒီရာသီမှာ ပြင်းထန်တဲ့တံကောက်ကြောဒဏ်ရာအပြင် ကြွက်သားဒဏ်ရာ အများအပြားကြောင့် ပုံမှန်ပွဲထွက်ခွင့်မရဘဲ မကြာခဏအနားယူနေရပြီး ပရီးမီးယားပွဲစဉ် ၁၂ ပွဲသာ ပါဝင်ကစားထားရသေးတာဖြစ်ပါတယ်။

ဂျာမနီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲမစတင်ခင်မှာ ကြံ့ခိုင်မှုပြန်လည်ရရှိခဲ့မယ်ဆိုရင်တောင် ကစားသမားအနေနဲ့ ပုံမှန်ခြေစွမ်းရဖို့ အချိန်ပေးသွားရဦးမှာဖြစ်ပါတယ်။ သို့သော်လည်း ရှောဟာ လက်ရှိအင်္ဂလန်အသင်းရဲ့ အကောင်းဆုံးဘယ်နောက်ခံလူဖြစ်ပြီး အလွန်အရေးပါနေဆဲဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

ပြီးခဲ့တဲ့စနေနေ့က ဘရာဇီးကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်အပြီးမှာ ဆောက်ဂိတ်က “ရာသီကုန်မှာတော့ သူပြန်ကောင်းလာမှာဖြစ်ပေမယ့် ယူရိုပြိုင်ပွဲမှာ ၇ ပွဲစလုံးကစားနိုင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘရာဇီးနဲ့ပွဲစဉ်အတွင်း အသင်းရဲ့ဘယ်နောက်ခံနေရာမှာ ချဲလ်ဆီးနောက်ခံလူ ဘင်ချီဝဲလ် ဝင်ရောက်ကစားခဲ့ပေမယ့် ဝေဖန်မှုအချို့နဲ့ကြုံတွေ့ခဲ့ရပါတယ်။ ချီဝဲလ်နဲ့ပတ်သက်ပြီး ဆောက်ဂိတ်က “ကျွန်တော်ကတော့ ချီဝဲလ်ကို အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒီပွဲက သူ့အတွက်အရေးပါတဲ့ပွဲစဉ်ပါ။ ကျွန်တော် ချီဝဲလ်ကို အသင်းမှာဆက်လက်အသုံးပြုချင်ပါတယ်။ ဒါပေမယ့် ရှောက ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦးပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့နောက်ထပ်ပြဿနာတစ်ခုကတော့ ကွင်းလယ်ပိုင်းဖြစ်ပြီး ဆောက်ဂိတ်ဟာ လီဗာပူးနောက်ခံလူ ထရန့်အလက်ဇန်းဒါးအာနိုးလ်ကို ကွင်းလယ်မှာထားပြီး အသုံးပြုလိုသော်လည်း လက်ရှိမှာတော့ ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေရတာြဖစ်ပါတယ်။ ဒါကြောင့် ဆောက်ဂိတ်အနေနဲ့ အာနိုးလ်ကို ယူရိုပြိုင်ပွဲမတိုင်ခင် ကွင်းလယ်မှာ စမ်းသပ်အသုံးပြုရမယ့်အချိန်က သိပ်မရှိတာကြောင့် အသားကျဖို့အခက်တွေ့နေတာဖြစ်ပါတယ်။

ဆောက်ဂိတ်က “ကျွန်တော်တို့ ဒီအကြံဉာဏ်ကို အသုံးချချင်နေတာကြာပါပြီ။ ဒါပေမယ့် တကယ့်ပွဲကြီးပွဲကောင်းတွေမှာ အလုပ်ဖြစ်မလား မဖြစ်ဘူးလားဆိုကိုတော့ စမ်းသပ်ဖို့အခွင့်အရေးသိပ်မရှိတော့ပါဘူး။ သူ့ရဲ့နေရာက တကယ်အရေးပါတဲ့အပိုင်းပါ။ နောက်ခံစစ်စစ်ဆော့တာနဲ့ ကွင်းလယ်မှာ အတက်အဆင်းဆော့တာက တော်တော်လေးကို ကွဲပြားပါတယ်။ သူ့ရဲ့နောက်မှာက ဂိုးပဲရှိတော့တာဆိုတော့ ကျွန်တော်တို့ ဒီကိစ္စကို ဆက်လက်ပြင်ဆင်သွားရဦးပါမယ်” လို့ပြောကြားခဲ့ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #လုခ်ရှော