ရှေ့သို့
Image

ခက်ခဲတဲ့ကာလတွေမှာ အကူအညီပေးခဲ့တဲ့ ယူနိုက်တက်အသင်းဖော်နာမည်ကို ဖွင့်ဟလာတဲ့ အန်တိုနီ

2:45 PM, 25 March

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ အေဂျက်စ်ကနေ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပြီး ကွင်းတွင်းကွင်းပြင်ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသော်လည်း သူငယ်ချင်းတစ်ယောက်ထက်ပိုပြီး အကူအညီပေးခဲ့တဲ့ အသင်းဖော်တစ်ဦးရှိခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားက အဆိုပါ အသင်းဖော်ဟာ နောက်ခံလူ ဒီယေဂိုဒါလော့ဖြစ်ကြောင်းနဲ့ ဒါလော့ဟာ ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်ဖို့အတွက် အကူညီပေးခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်သို့ စတင်ရောက်ရှိလာတဲ့ ပထမဦးဆုံးပွဲဦးထွက်ရာသီမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ပိုမိုရုန်းကန်နေရတာဖြစ်ပါတယ်။

အသက်-၂၄ နှစ်အရွယ်ကစားသမားက “သူငယ်ချင်းတွေအများကြီးရလာလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒီယေဂိုဒါလော့က ကျွန်တော့်အတွက် သူငယ်ချင်းတစ်ယောက်ထက်ပိုပါတယ်။ သူက အသင်းမှာ ကျွန်တော့်ကို နေ့တိုင်းအကူအညီပေးတဲ့လူတစ်ယောက်ပါ။ ကျွန်တော်တို့ အမြဲပြောနေကြစကားရှိပါတယ်။ အဲဒါကတော့ သည်းခံနိုင်စွမ်းရှိတဲ့လူတစ်ယောက်ကို အနိုင်ယူလို့မရပါဘူး။ ကျွန်တော်တို့ ဒီစကားကိုအမြဲတမ်းပြောပါတယ်။ သူပြောတဲ့စကားတွေနဲ့ အကြံဉာဏ်တွေအတွက် အရမ်းကျေးဇူးတင်မိပါတယ်။ သူက ကျွန်တော့်ကို အများဆုံးအကူအညီပေးခဲ့တဲ့ အသင်းဖော်ပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါလော့ကလည်း အန်တိုနီနဲ့ ခင်မင်ရင်းနှီးတဲ့အကြောင်းကို ယခင်ကပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရတဲ့ပွဲစဉ်မှာ အန်တိုနီက သူ့ကို ဂိုးဖန်တီးပေးခဲ့ပြီးနောက်မှာ အချင်းချင်းလက်ဆွဲနှုတ်ဆက်ခဲ့ကြတာနဲ့ပတ်သက်ပြီး ဒါလော့က “ဒါက ကျွန်တော်တို့လုပ်နေကျပါ။ သူနဲ့ ဆက်ဆံရေးကောင်းနေတာကို ဝမ်းသာမိပါတယ်။ သူက တကယ်တော်တဲ့ကလေးပါ။ သူနဲ့အတူတွဲကစားရတာ ပျော်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ ဂိုးသွင်းဖို့ရော ဂိုးဖန်တီးဖို့ပါအတော်လေးရုန်းကန်ခဲ့ရတဲ့ အန်တိုနီဟာ မကြာသေးမီက လီဗာပူးကို ၄-၃ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဂိုးပေါက်ပြန်လည်တွေ့ရှိခဲ့ပြီး ပွဲအပြီးမှာတော့ နည်းပြ အဲရစ်တန်ဟက်ရဲ့ချီးကျူးပြောဆိုမှုကိုလည်း ခံခဲ့ရပါတယ်။

တန်ဟက်က “ဒီဂိုးက သူ့အတွက် အရမ်းအရေးကြီးပါတယ်။ သူ အရမ်းရုန်းကန်ခဲ့ရတာကြောင့်ပါ။ ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပေမယ့် အခုချိန်မှာတော့ ပြန်တိုက်ယူနေပါပြီ။ လေ့ကျင့်ရေးကွင်းမှာဆို သူအရမ်းကောင်းပါတယ်။ အေဂျက်စ်မှာ တွေ့ခဲ့ရတဲ့ အန်တိုနီအတိုင်းပါပဲ။ သူအခုဂိုးရပြီဆိုတော့ ပြန်လာနိုင်တော့မယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #ပရီးမီးယားလိဂ်