ရှေ့သို့
Image

မြောက်ကိုရီးယားနဲ့ ပွဲစဉ်ဖျက်သိမ်းပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ခရီးဖြောင့်ဖြူးလာတဲ့ ဂျပန်အသင်း

2:06 PM, 25 March

မြောက်ကိုရီးယားနဲ့ ဂျပန်တို့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ပြန်လည်ကျင်းပခွင့်ပေးမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြောဆိုခဲ့ပြီးနောက် ဂျပန်လက်ရွေးစင်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့်ဆီ တက်လှမ်းနိုင်ရေးခရီးစဉ်က ဖြောင့်ဖြူးလာခဲ့ပါတယ်။

အစောပိုင်းမှာ မြောက်ကိုရီးယားက အခုပွဲစဉ်အတွက် လာမယ့်အင်္ဂါနေ့၊ မြို့တော်ပြုံယမ်းမှာ ကျင်းပသွားဖို့ စီစဉ်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ပွဲမတိုင်ခင် ငါးရက်အလိုမှာပဲ မြောက်ကိုရီးယားတာဝန်ရှိသူတွေက အခုပွဲစဉ်နဲ့ပတ်သက်လို့ အကြောင်းပြချက်တစုံတရာမရှိဘဲ အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးနိုင်ခြင်း မရှိတော့ဘူးလို့ မပြေမပြစ်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာတော့ အာရှဘောလုံးအဖွဲ့ချုပ်ဘက်က အခုပွဲစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အလားတူ ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ဖီဖာက နိုင်ငံတကာဘောလုံးပြက္ခဒိန်အတွင်း အားလပ်ချိန်မရှိခြင်းကြောင့် အခုပွဲစဉ်ကို ပြန်လည်ကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအာဏာပိုင်အဖွဲ့အစည်းက “အခုပွဲစဉ်နဲ့ ပွဲပြီးရလဒ်ပိုင်း သတ်မှတ်ဖို့ကိစ္စတွေကို ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဆီ လွှဲပြောင်းပေးသွားရပါလိမ့်မယ်”လို့ ထပ်မံအတည်ပြုပေးခဲ့ပါတယ်။

ရလဒ်အနေဖြင့် မြောက်ကိုရီးယားက ၃-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် အရှုံးကို ရင်ဆိုင်ရနိုင်ပြီး ဒီရလဒ်နဲ့အတူ ဂျပန်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးအဆင့်ဆီ ပို့ဆောင်ပေးသွားနိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့၊ တိုကျိုမြို့မှာ ဂျပန်က မြောက်ကိုရီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး အာရှဇုန်ခြေစစ်ပွဲအုပ်စု(B)ရဲ့ အုပ်စုဗိုလ်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

ဂျာမနီ၊ စပိန်တို့လို ဘောလုံးအင်အာကြီးနိုင်ငံတွေကို ကျော်ဖြတ်ပြီး ဂျပန်အသင်းကို ကာတာကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်းအဆင့်ဆီ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြမိုရီယာဆုက ပထမအကျော့၊ အိမ်ကွင်းမှာ မယုံကြည်နိုင်လောက်စရာပုံစံတစ်ခု ပြသပြီးနောက် အခုအဝေးကွင်းပွဲစဉ်ကို တိုးတက်မှုတွေ ပြုလုပ်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ထားခဲ့ပါတယ်။

မိုရီယာဆုက “စိုးရိမ်ရတဲ့ဧရိယာတွေနဲ့ တိုးတက်လာနိုင်ဖို့ အလားအလာရှိတဲ့နေရာတွေကို ပြုပြင်နိုင်မယ့် အခွင့်အရေးကောင်း ဆုံးရှုံးလိုက်ရတာ တကယ်ကို ကံဆိုးလွန်းလှပါတယ်။ ကျွန်တော်တို့က အခုအချိန်အထိ တည်ဆောက်ထားနိုင်တဲ့ အရာတွေအပေါ် အခြေခံကာ အသင်းတစ်ခုအဖြစ် ဆက်လက်တိုးတက်နေစေဖို့ ရည်မှန်းထားရပါလိမ့်မယ်”လို့ ပြောပါတယ်။

ဂျပန်လက်ရွေးစင်အသင်းက ပြီးခဲ့တဲ့အာရှဖလားပြိုင်ပွဲကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်မှာ အီရန်ကိုအရေးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။

#ဂျပန် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မြောက်ကိုရီးယား