ရှေ့သို့
Image

မော်ဒန်ဘောလုံးလောကနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မိတဲ့အရာကို ထုတ်ပြောလာတဲ့ ဟာလန်း

10:59 AM, 25 March

မန်ချက်စတာစီးတီးတိုက်စစ်မှူးဟာလန်းက မကြာသေးမီကပြုလုပ်ခဲ့တဲ့ ဆွေးနွေးခန်းအစီအစဉ်တစ်ခုမှာ မော်ဒန်ဘောလုံးလောကနဲ့ပတ်သက်ပြီး သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာကို ထုတ်ဖော်ပြောပြလာပါတယ်။

မန်စီးတီးအသင်းရဲ့တရားဝင်အင်တာဗျူးဆွေးနွေးခန်းအစီအစဉ်တစ်ခုမှာ နော်ဝေကြယ်ပွင့်က သိပ်အရေးမပါဘူးလို့ သူယူဆထားတဲ့ စည်းမျဉ်းအချို့အပါအဝင် ပွဲစဉ်တွေနဲ့ပတ်သက်ပြီး အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ လက်ပစ်ဘောမြှောက်ခြင်းအပါအဝင် တစ်ကွင်းလုံးမှာ ဂိုးလိုင်းနည်းပညာကို သုံးစွဲသွားရန် ဟာလန်းက ဘောလုံးအားကစားအာဏာပိုင်တွေဆီ တိုက်တွန်းခဲ့တာပါ။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးက ပွဲကစားချိန်တွေမှာ ဘောလုံးက ကွင်းပြင်ပရောက်ရှိသွားခြင်းရှိ၊မရှိ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ တိကျသေချာသွားစေရန် နည်းပညာကို အသုံးပြုသွားဖို့ အလေးပေးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူက လက်ပစ်ဘောအခြေအနေမှတဆင့် မမျှတတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရနိုင်တဲ့ အသင်းတွေကို ကာကွယ်ပေးနိုင်ဖို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေ ချပြပေးသွားရန် တောင်းဆိုခဲ့ပါတယ်။

ဟာလန်းက “ပထမဆုံးအနေနဲ့ ဂိုးလိုင်းနည်းပညာကို တစ်ကွင်းလုံးမှာ အသုံးပြုသွားရပါမယ်။ ဒါမှသာ ဘောလုံးက ကွင်းတွင်းမှာရှိနေတာလား၊ ကွင်းပြင်ရောက်သွားပြီလားဆိုတာ အချိန်တိုင်း တိတိကျကျသိနေရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက် စိတ်ပျက်မိတဲ့အရာကတော့ လက်ပစ်ဘောမြှောက်တဲ့ကိစ္စပါပဲ။ လက်ပစ်ဘောဆိုတာ ဘယ်လိုပဲမြှောက်ပေးလိုက်ပါစေ၊ သိပ်တော့ အရေးမကြီးပါဘူး။ ဘောလုံးပေါ်မှာ လက်နှစ်ဖက်လုံးရှိနေဖို့သာ အရေးကြီးတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း စည်းမျဉ်းတွေကို အလုံးစုံမသိထားပါဘူး။ ဒါကြောင့် ကျွန်တော် လက်ပစ်ဘောမြှောက်ပေးမယ်ဆိုရင် အမှားအယွင်းတစ်ခု လုပ်ကောင်းလုပ်မိပါလိမ့်မယ်။ ဒါပေမယ့် ဘောလုံးကို အမြင့်ကြီးမြှောက်ပေးလိုက်တာပဲဖြစ်စေ၊ နိမ့်နိမ့်လေးပစ်ပေးလိုက်တာပဲဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် ဒါက အရေးမကြီးပါဘူး။ ကျွန်တော်ကတော့ ဒီစည်းမျဉ်းကို ပြောင်းလဲပစ်ချင်ပါတယ်။ မီတာအများကြီး စည်းခိုးပြီး လက်ပစ်ဘောပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘယ်လောက်အထိ စည်းခိုးပြီး မြှောက်လို့ရတယ်၊ ဘယ်လောက်အချိန်ယူနိုင်တယ်ဆိုတာနဲ့ပတ်သက်လို့ ကန့်သတ်ချက်တစ်ခုတော့ ရှိသင့်ပါတယ်။ အနာဂတ်မှာ ဒီလိုအပြောင်းအလဲတွေရှိလာမယ်လို့ ကျွန်တော်ယူဆမိပါတယ်”လို့ ပြောပါတယ်။

မကြာသေးမီနှစ်ပိုင်းတွေအတွင်း ဘောလုံးလောကတာဝန်ရှိသူတွေက ပွဲစဉ်ကိုင်တွယ်သူတွေရဲ့ အမှားအယွင်းကို လျှော့ချနိုင်ရန် ဂိုးလိုင်းနည်းပညာနဲ့ ဗီဒီယိုအကူဒိုင်(VAR)တို့ကို စတင်အသုံးပြုရန် ခွင့်ပြုပေးခဲ့ပါတယ်။

#မန်စီးတီး #ဟာလန်း #ပရီးမီးယားလိဂ်