ရှေ့သို့
Image

နာဂယ်စ်မန်းနဲ့ ကာလရှည်လက်တွဲရန် ဆွေးနွေးထားတယ်လို့ ထုတ်ပြောလာတဲ့ ဂျာမန်အက်ဖ်အေ

10:08 AM, 25 March

ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနူရမ်ဒေါ့ဖ်က လက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်းနဲ့အတူ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားတယ်လို့ ထုတ်ပြောလာပါတယ်။

နာဂယ်စ်မန်းရဲ့လက်ရှိစာချုပ်က ယူရို-၂၀၂၄ အပြီးမှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး လီဗာပူး၊ မန်ချက်စတာယူနိုက်တက်တို့အပါအဝင် သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေလည်း အများအပြား ရှိနေပါတယ်။ ဒါပေမယ့် နူရမ်ဒေ့ါဖ်ကတော့ အသက်-၃၆ နှစ်အရွယ် နည်းပြကို ဂျာမနီအသင်းပဲ့ကိုင်ရှင်အဖြစ် ဆက်လက်ရှိနေဖို့ လိုလားနေပါတယ်။

ZDF သတင်းဌာနတွေ့ဆုံချိန် နူရမ်ဒေါ့ဖ်က “ကျွန်တော်တို့ဘက်ကတော့ နာဂယ်စ်မန်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ကို လုံးဝဆန္ဒရှိနေပါတယ်။ ကျွန်တော်တို့က အသင်းကောင်းတစ်ခုဖြစ်သလို ကောင်းကောင်းလည်း လုပ်ဆောင်ပြနေပါပြီ။ ကျွန်တော်တို့ အချင်းချင်းကြားမှာလည်း အကြိတ်အနယ်ဆွေးနွေးနေပါပြီ” လို့ ပြောပါတယ်။

ဂျာမနီက လွန်ခဲ့တဲ့စနေနေ့၊ ခြေစမ်းပွဲစဉ်မှာ ပြင်သစ်ကို ဖလိုရီယန်ဝက်ဇ်၊ ကိုင်ဟားဗက်ဇ်တို့ရဲ့သွင်းဂိုးတွေဖြင့် နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ အခုလအစောပိုင်းမှာလည်း နာဂယ်စ်မန်းက အနာဂတ်အလားအလာနဲ့ပတ်သက်လို့ တက်နိုင်သမျှအမြန်ဆုံး ဖြေရှင်းချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

သူက “ယူရိုပြိုင်ပွဲမတိုင်ခင် ကျွန်တော့်အတွက် စာချုပ်ကမ်းလှမ်းမှုတစ်ခု ရရှိထားမယ်ဆိုရင် ကျွန်တော် ကျေနပ်ပျော်ရွှင်ရပါလိမ့်မယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အဆင်ပြေတယ်လို့ ခံစားရပါတယ်။ ဒီနောက်မှာတော့ ယူရိုပြိုင်ပွဲမတိုင်ခင် လက်မှတ်ရေးထိုးသွားနိုင်ဖို့ ဖြစ်နိုင်ခြေများပြားပါတယ်”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်၊ လိုက်ပ်ဇစ်နဲ့ ဟော့ဖန်ဟိမ်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့နည်းပြက ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက ဂျာမနီလက်ရွေးစင် အသင်းနည်းပြချုပ် ဖြစ်လာခဲ့တာပါ။ ယူရို-၂၀၂၄ အိမ်ရှင်ဂျာမနီက စကော့တလန်၊ ဟန်ဂေရီ၊ ဆွစ်ဇာလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

နာဂယ်စ်မန်းက ဂျာမန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ငါးပွဲကိုင်တွယ်ခဲ့ရာမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဘက်ကလည်း နာဂယ်စ်မန်းကို ဟိုဝီရဲ့နေရာကိုဆက်ခံနိုင်ရန် အလားအလာရှိသူအဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အခုရာသီကုန်မှာ လက်ရှိနည်းပြယာဂန်ကလော့ပ်က အသင်းမှ ထွက်ခွာဖွယ်ရှိနေလို့ အန်ဖီးလ်မှာ သူ့ရဲ့နေရာကို ဆက်ခံနိုင်သူတွေအဖြစ် နာဂယ်စ်မန်းလည်း ပါဝင်လာခဲ့ပါတယ်။ အလားတူ မန်ချက်စတာယူနိုက်တက်ကလည်း အနာဂတ်မရေရာနေတဲ့ တန်ဟက်ရဲ့နေရာမှာ အစားထိုးဖို့ လက်ရှိဂျာမန်လက်ရွေးစင်အသင်း နည်းပြကို ရွေးချယ်ထားတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ပျံ့နှံ့နေပါတယ်။

#ဂျာမနီ #နာဂယ်စ်မန်း #နူရမ်ဒေါ့ဖ်