ရှေ့သို့
Image

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနဲ့ပွဲစဉ်ကိုပါ လွဲချော်သွားမယ့် ဟယ်ရီကိန်း

6:00 PM, 24 March

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အင်္ဂါနေ့မှာကစားမယ့် ဘယ်လ်ဂျီယံနဲ့ခြေစမ်းပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ ပူးပေါင်းဖို့ ဂျာမနီကိုပြန်သွားမှာဖြစ်တယ်လို့ အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က အတည်ပြုပြောကြားခဲ့ပါတယ်။ 


တိုက်စစ်ကစားသမားဟာ ယမန်နေ့ညက ဘရာဇီးကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ လာမယ့်ဘယ်လ်ဂျီယံနဲ့ပွဲစဉ်ကိုလည်း ပါဝင်နိုင်ဖို့ သံသယရှိစရာအခြေအနေရှိနေတယ်လို့ သောကြာနေ့မှာ ဆောက်ဂိတ်က ထုတ်ဖော်ပြောကြားထားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ကစားသမားဟာ ဆေးကုသမှုခံယူဖို့အတွက် ဘိုင်ယန်မြူးနစ်သို့ ပြန်လာတော့မှာဖြစ်ပါတယ်။ 


ဘရာဇီးကို ရှုံးနိမ့်ခဲ့တာကြောင့် ဆောက်ဂိတ်အနေနဲ့ လာမယ့် ဘယ်လ်ဂျီယံနဲ့ပွဲမှာတော့ ရလဒ်ကောင်းရရှိဖို့ လိုအပ်နေပေမယ့် အသင်းရဲ့အဓိက ကစားသမားအများစုက ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ 

ဆောက်ဂိတ်က “ကိန်း ပြန်လာမှာပါ။ ဒါပေမယ့် အင်္ဂါနေ့မှာကစားမယ့်ပွဲအတွက်တော့ အဆင်သင့်ဖြစ်မှာမဟုတ်ပါဘူး။ ဟန်ဒါဆန်နဲ့ ပယ်မာတို့ကတော့ အသင်းနဲ့အတူလေ့ကျင့်ရေးဆင်းခဲ့ပြီး မနက်ဖြန်မှာလည်း ဆက်လက်ပူးပေါင်းသွားမှာပါ။ သူတို့ကို အင်္ဂါနေ့ပွဲမှာ ထည့်သွင်းနိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 


ကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် ကစားပေးနေစဉ် ဒမ်စတက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂိုးတိုင်နဲ့တိုက်မိပြီး ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ အင်္ဂလန်အသင်းရဲ့ ရွေးချယ်ခြင်းကိုခံခဲ့ရသော်လည်း လေ့ကျင့်ရေးအစီအစဉ်တွေမှာပါဝင်နိုင်ခြင်းမရှိဘဲ ဆေးကုသမှုခံယူနေရပါတယ်။ 

ဘရာဇီးနဲ့ပွဲစဉ်မှာ ဟယ်ရီကိန်းအစား တိုက်စစ်မှူးနေရာမှာကစားခဲ့သူက အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းဖြစ်ပြီးအသင်းခေါင်းဆောင်တာဝန်ကိုတော့ ကိုင်လီဝေါ်လ်ကာက ယူခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၂၀ မှာတော့ ဝေါ်လ်ကာက ဒဏ်ရာပြဿနာကြောင့် လူစားလဲခဲ့ရပြီး အသင်းခေါင်းဆောင်လက်ပတ်ကို ဟယ်ရီမက်ဂွါရီထံ ပေးအပ်ခဲ့ပါတယ်။ 


အင်္ဂလန်အသင်းဟာ အထောင်တိုက်စစ်မှူးနေရာမှာ အိုလီဝက်ကင်းကို အသုံးပြုခဲ့သော်လည်း အခြားရွေးချယ်စရာအဖြစ် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးရှိနေသလို ဂေါ်ဒွန်နဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း အဆိုပါနေရာမှာ ကစားနိုင်ကြတာဖြစ်ပါတယ်။ 

ဘရာဇီးနဲ့ပွဲစဉ်မတိုင်ခင်မှာ ဆောက်ဂိတ်က “နံပါတ် ၉ နေရာက အရမ်းအရေးပါတဲ့နေရာပါ။ ကျွန်တော်တို့ ဒီနေရာအတွက် ဆုံးဖြတ်ချက်ချသွားရမှာဖြစ်ပြီး အိုလီဝက်ကင်းနဲ့ အိုင်ဗန်တိုနေးတို့ကလည်း အရည်အချင်းတွေမတူညီတဲ့ တိုက်စစ်မှူးတွေပါ။ ဟယ်ရီကိန်းဒဏ်ရာရနေတာက သူတို့အတွက် အခွင့်အရေးဖြစ်လာပါတယ်”လို့ပြောကြားခဲ့ပါတယ်။ 

#အင်္ဂလန် #ဟယ်ရီကိန်း