ရှေ့သို့
Image

ဝင်ဘလေမှာ အင်္ဂလန်ကိုဂိုးသွင်းယူပြီးနောက် ဆာဘော်ဘီချာလ်တန်ကို ချီးကျူးဂုဏ်ပြုလာတဲ့ အန်ဒရစ်ခ်

12:46 PM, 24 March

ယမန်နေ့ညက ဝင်ဘလေမှာကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်အသင်းဘက်ကို တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူးအန်ဒရစ်ခ်က ပွဲအပြီးမှာတော့ အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်း ဆာဘော်ဘီချာလ်တန်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 


နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ အပြန်အလှန်ထိန်းသိမ်းကစားနေကြတဲ့အချိန် ပွဲကစားချိန် ၇၁ မိနစ်မှာတော့ အသက်-၁၇ နှစ်အရွယ်လူငယ်ကစားသမားလေး အန်ဒရစ်ခ်က လူစားဝင်ကစားသမားအဖြစ် စတင်ဝင်ရောက်လာခဲ့ပါတယ်။ ထို့နောက် ပွဲကစားချိန် ၈၀ မိနစ်မှာတော့ ဗင်နီးစီးယက်စ်ရဲ့ အားထုတ်မှုမှတစ်ဆင့် လူငယ်ကစားသမားက တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝ ပထမဆုံး ၃ ပွဲအတွင်းမှာပဲ ဂိုးစတင်ရရှိခဲ့တာဖြစ်ပါတယ်။ 


ဒီဂိုးက အန်ဒရစ်ခ်အတွက် သမိုင်းတွင်စေခဲ့တဲ့ ဂိုးဖြစ်ပြီး ကစားသမားဟာ ဝင်ဘလေမှာ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့ အမျိုးသားဖြစ်ခဲ့တဲ့အပြင် ရော်နယ်ဒိုပြီးနောက် ဘရာဇီးအတွက် အသက်အငယ်ဆုံး ဂိုးသွင်းသူလည်းဖြစ်လာခဲ့ပါတယ်။ 

တိုက်ဆိုင်စွာပဲ ဒီနေ့ပွဲစဉ်ဟာ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးရဲ့ပွဲဦးထွက်ပြီးနောက် နှစ် ၃၀ တိတိကြာမြင့်တဲ့ အချိန်ကာလလည်းဖြစ်နေပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ အန်ဒရစ်ခ်က ဒီဂိုးဟာ သူ့အတွက် အလွန်အရေးပါတဲ့ အမှတ်တရတစ်ခုအဖြစ်ကျန်ရှိနေမယ့်အကြောင်းကို ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ဘရာဇီးလ်တိုက်စစ်မှူးက “ဘော်ဘီချာလ်တန်က ကျွန်တော့်အတွက် စံပြပုဂ္ဂိုလ်လိုပါပဲ။ ဘော်ဘီကစားခဲ့တဲ့ ကွင်းထဲမှာ ကစားခွင့်ရခဲ့ပြီး ရော်နယ်ဒိုစတင်ပွဲထွက်ခဲ့တဲ့နေ့မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါတွေက ကျွန်တော့်အတွက် အရမ်းအရေးပါတဲ့ အမှတ်တရတွေပါ” လို့ပြောကြားခဲ့ပါတယ်။ 


ချာလ်တန်ဟာ အသက်-၈၆ နှစ်အရွယ် ပြီးခဲ့တဲ့နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပြီး ဂန္ထဝင်ကစားသမားဟောင်းဟာ နိုင်ငံအသင်းအတွက် ၁၀၆ ပွဲအထိပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ ချာလ်တန်က အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားဆွတ်ခူးပေးနိုင်ခဲ့သလို ၂ နှစ်အကြာမှာတော့ ယူနိုက်တက်အတွက် ဥရောပဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး အဆိုပါ ဆုဖလား ၂ လုံးစလုံးကို ဝင်ဘလေမှာပဲကိုင်မြှောက်ခဲ့တာဖြစ်ပါတယ်။ 


ပွဲအပြီးမှာတော့ အန်ဒရစ်ခ်က ဒူးထောက်အောင်ပွဲခံခဲ့ပြီး အနိုင်ဂိုးအတွက် ပျော်ရွှင်မိကြောင်းကို “ကျွန်တော် ဒီဂိုးအကြောင်းပဲ တွေးနေခဲ့တာပါ။ ပွဲအကြောင်းကို ဆက်ပြီး မတွေးနိုင်ခဲ့ပါဘူး။ ဒါက ထူးခြားတဲ့ အမှတ်တရပါ။ ကျွန်တော့်မိသားစု၊ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော့်ရဲ့မန်နေဂျာတွေက ဒီမှာပါ။ ကျွန်တော်က ငိုတတ်တဲ့သူမဟုတ်ပါဘူး။ တောင့်ခံထားပေမယ့် ဒါက ထူးခြားတဲ့အရာဖြစ်ပြီး ကျွန်တော်အရမ်းပျော်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဘရာဇီးအသင်းဟာ လာမယ့်နွေရာသီမှာ ကိုပါအမေရိကဖလားပြိုင်ပွဲကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ နောက်အပတ်မှာ စပိန်အသင်းနဲ့ ခြေစမ်းပွဲစဉ် ကစားသွားရမှာဖြစ်ပါတယ်။ 

#အင်္ဂလန် #ဘရာဇီး #အန်ဒရစ်