ရှေ့သို့
Image

အာဂျင်တီးနားအသင်းမှ ပြန်ရောက်လာချိန် ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပြန်လည်ပါဝင်လာဖို့ရှိနေတဲ့ မာတီနက်ဇ်

2:26 PM, 23 March

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းပြီးနောက်မှာ အင်္ဂလန်သို့ စီစဉ်ထားတာထက် ပိုမိုလျင်မြန်စွာပြန်လာပြီး ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။

အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ဖေဖော်ဝါရီလအစောပိုင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဒုတိယရာသီဝက်မှာ ယူနိုက်တက်အတွက် ၉ ပွဲသာ ပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။ နောက်ခံလူဟာ ၆ ပတ်အကြာ ဘောလုံးပွဲတွေနဲ့ လွဲချော်ခဲ့သော်လည်း အယ်လ်ဆာဗေးဒေါ၊ ကော်စတာရီကာတို့နဲ့ကစားမယ့် ခြေစမ်းပွဲစဉ်တွေအတွက် အာဂျင်တီးနားလူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

မာတီနက်ဇ်ဟာ ယခုအပတ်အတွင်း နိုင်ငံ့အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်ခဲ့သော်လည်း ပွဲထွက်ပါဝင်ကစားသွားဖို့မရှိဘဲ မန်ချက်စတာသို့ စီစဉ်ထားတာထက် ပိုမိုလျင်မြန်စွာပြန်လာမယ်လို့သတင်းတွေက ဖော်ပြထားပါတယ်။ အေဂျက်စ်ကစားသမားဟောင်းဟာ မတ်လ ၃၀ ရက်နေ့ ဘရန့်ဖို့ဒ်နဲ့ကစားမယ့်ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပြန်လည်ကစားဖို့စီစဉ်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့လည်း မာတီနက်ဇ်အတွက် ကြံ့ခိုင်မှုပြန်လည်အားကောင်းလာစေဖို့ အာဂျင်တီးနားအသင်းနဲ့ပူးပေါင်းရန် ခွင့်ပြုခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံအသင်းဟာ ယခုနှစ်နွေရာသီ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်တဲ့ ခြေဖဝါးဒဏ်ရာ ရရှိခဲ့ပြီး စက်တင်ဘာလမှာတော့ ခွဲစိတ်ကုသခဲ့ပါတယ်။

ဇန်နဝါရီမှာတော့ ယူနိုက်တက်အတွက် ပြန်လည်ပါဝင်လာနိုင်ခဲ့သော်လည်း ကစားသမားဟာ ဝက်စ်ဟမ်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ရာသီကုန်အဆင့် ၄ နေရာဝင်ဖို့အတွက် ပရီးမီးယားလိဂ်မှာ တတ်နိုင်သလောက်ရုန်းကန်သွားရဖို့ရှိနေပြီး အဆင့် ၄ နေရာကအက်စတွန်ဗီလာ၊ အဆင့် ၅ နေရာက တော့တင်တင်ဟမ်တို့ကို ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ရဲ့အသင်းဟာ လောလောဆယ်မှာတော့ တော့တင်ဟမ်နဲ့ ၆ မှတ်အထိ ကွာဟနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဂျင်တီးနား #ဘရန့်ဖို့ဒ် #မာတီနက်ဇ် #ပရီးမီးယားလိဂ်