ရှေ့သို့
Image

ဟယ်ရီကိန်းဒဏ်ရာ ရနေတာကြောင့် ဝက်ကင်းစ်နဲ့ တိုနေးတို့ကို အခွင့်အရေး ပေးသွားမယ်လို့ ပြောကြားလာတဲ့ ဆောက်ဂိတ်

1:53 PM, 23 March

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အသင်းရဲ့အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒဏ်ရာပြဿနာကြောင့် ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်တွေကို လွဲချော်သွားမှာ ဖြစ်ပေမယ့် အိုလီဝက်ကင်းစ်နဲ့ အိုင်ဗန်တိုနေးတို့ကို အခွင့်အရေးပေးသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိထားတာဖြစ်ပြီး ဘရာဇီးနဲ့ပွဲကို သေချာပေါက်လွဲချော်သွားမှာဖြစ်ပြီး ဘယ်လ်ဂျီယံနဲ့ပွဲမှာပါဝင်ဖို့ကလည်း သံသယရှိစရာအခြေအနေဖြစ်နေပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်က ကိန်းသာမက ကွင်းလယ်လူတွေဖြစ်တဲ့ ကိုးလ်ပယ်လ်မာနဲ့ ဂျော်ဒန်ဟန်ဒါဆန်တို့ကလည်း ဘရာဇီးနဲ့ပွဲကိုလွဲချော်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆောက်ဂိတ်က “ဘရာဇီးနဲ့ပွဲကို ဟယ်ရီကိန်း၊ ပယ်လ်မာနဲ့ ဟန်ဒါဆန်တို့ လွဲချော်သွားမှာဖြစ်ပြီး ပယ်လ်မာနဲ့ ဟန်ဒါဆန်တို့က ဘယ်လ်ဂျီယံနဲ့ပွဲမှာပြန်ပါလာဖို့ ဟယ်ရီကိန်းထက်အခြေအနေပိုကောင်းပါတယ်။ ကိန်းရဲ့ပျက်ကွက်မှုက အခြားတိုက်စစ်ကစားသမားတွေ အတွက်တော့ အခွင့်အရေးတစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး တိုနေးနဲ့ ဝက်ကင်းစ်တို့က အင်္ဂလန်မှာ နေရာရဖို့ ပြိုင်ဆိုင်နေကြသလားလို့မေးမြန်းခဲ့ရာ ဆောက်ဂိတ်က “ဒါက ကျွန်တော်ဆုံးဖြတ်ရမယ့် အပိုင်းပါ။ အသင်းမှာ နံပါတ် ၉ နေရာက အဓိအရေးပါတဲ့အပိုင်းပါ။ သူတို့က ၂ ယောက်စလုံးအတွက် ကျွမ်းကျင်တဲ့အပိုင်းဖြစ်ပေမယ့် အရည်အချင်းတွေက မတူညီကြပါဘူး။ ဒါပေမယ့် ဒါကအခွင်းအရေးတစ်ခုဆိုတာတော့ သူတို့သိထားဖို့ လိုပါတယ်။ ဝက်ကင်းက ကျွန်တော်တို့နဲ့အတူရှိနေခဲ့ပြီး ပွဲတိုင်းမှာ ကောင်းကောင်းမွန်မွန်လုပ်ဆောင်ထားနိုင်ပါတယ်။ သူက သူ့ရဲ့အသင်းနဲ့အတူ အံ့ဩစရာရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ။ အိုင်ဗန်တိုနေးကလည်း ဘရန့်ဖို့ဒ်ကို ပြန်ရောက်လာကတည်းက သူ့ရဲ့သက်ရောက်မှုကို သိသိသာသာပြသထားနိုင်ပါတယ်။ ၂ ယောက်စလုံးက အရမ်းတော်တဲ့ ကစားသမားတွေပါ” လို့ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ အင်္ဂလန်အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိကြားထဲအချိန်ဟာ အသင်းအတွက် ဆုဖလား ဆွတ်ခူးနိုင်ဖို့ နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားဆွတ်ခူးနိုင်ဖို့အတွက် လာမယ့်ယူရိုပြိုင်ပွဲမှာ မှန်ကန်တဲ့ကစားသမားတွေကို ရွေးချယ်နိုင်ဖို့က အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။

ဆောက်ဂိတ်လက်ထက်မှာ အင်္ဂလန်အသင်းဟာ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်၊ ၂၀၂၀ ယူရိုဗိုလ်လုပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွေကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ ခြေစမ်းပွဲတွေ ကစားပြီးရင် ဆောက်ဂိတ်ရဲ့အသင်းဟာ လာမယ့်ဇွန်လမှာ နောက်ထပ်ခြေစမ်းပွဲစဉ်တွေအဖြစ် ဘော့စနီးယား၊ ဟာဇီဂိုဗားနားတို့နဲ့ ဆက်လက်ခြေစမ်းသွားရမှာဖြစ်ပါတယ်။

ခြေစမ်းပွဲစဉ်တွေအပြီး ယူရိုပြိုင်ပွဲမှာတော့ အင်္ဂလန်ဟာ ဆာဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့နဲ့ အုပ်စုတစ်ခုထဲကျရောက်နေပါတယ်။

#ဆောက်ဂိတ် #ဟယ်ရီကိန်း #ဝက်ကင်းစ် #တိုနေး