ရှေ့သို့
Image

အဲဗက်စ်အတွက် အာမခံငွေ ထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ ပြောကြားလာတဲ့ နေမာရဲ့ဖခင်

2:12 PM, 22 March

ဘရာဇီးစူပါစတား နေမာရဲ့ ဖခင်ဖြစ်သူက သူတို့မိသားစုဟာ မုဒိမ်းမှုအတွက် အယူခံဝင်မှုကို စောင့်ဆိုင်းနေပြီး စပိန်နိုင်ငံရှိအကျဉ်းထောင်တစ်ခုမှာ ထိန်းသိမ်းခံထားရတဲ့ ဒန်နီအဲဗက်စ်အတွက် အာမခံငွေ ယူရို ၁ သန်းကို ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ အသိပေးပြောကြားလာခဲ့ပါတယ်။

နေမာရဲ့ဖခင်ဖြစ်သူက သူတို့ဟာ အဲဗက်စ်ရဲ့ အမှုစစ်ဆေးမှု ကာလအတောအတွင်းမှာ ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့ပေမယ့် အဲလ်ဗက်စ်က ဘာစီလိုနာ နိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ကြောင်း ထင်ရှားလာပြီးနောက်မှာတော့ ထပ်မံထောက်ပံ့တော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

နေမာဒါဆေးလ်ဗားဆန်းတို့စ် စီနီယာ(နေမာရဲ့ဖခင်) က "ကျွန်တော်တို့မိသားစု ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်မလုပ်တော့ပါဘူး။ ဒီကိစ္စက ပြီးသွားပါပြီ" လို့ ပြောကြားခဲ့ပါတယ်။  အသက်-၄၀ နှစ်အရွယ် အဲဗက်စ်ဟာ လက်ရှိအချိန်မှာတော့ ထောင်ဒဏ် ၄ နှစ်နဲ့ ၆ လချမှတ်ခံထားရပြီး ဘာစီလိုနာမြို့အပြင်ဘက်ရှိ အကျဉ်းထောင်တစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

နေမာရဲ့ဖခင်အနေနဲ့ အဲဗက်စ်ကို ဘယ်လောက်အထိကူညီထားတယ်ဆိုတာ အတိအကျဖော်ပြခြင်းမရှိသော်လည်း သူက "သူ့ရဲပြစ်ဒဏ်ကျူးလွန်မှုကို စပိန်နိုင်ငံတရားရုံးက စီရင်ချက်ချပြီးတဲ့နောက်မှာတော့ ကျွန်တော်နဲ့ ကျွန်တော့်သားနာမည်ကို အသုံးပြုပြီး လက်လှမ်းမီသလောက် ကူညီခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း ပြစ်ဒဏ်ထင်ရှားခဲ့တာကြောင့် စပိန်နိုင်ငံရဲ့ ဥပဒေအရ ထောင်ဒဏ် ၄ နှစ်မှ ၁၂ နှစ် အထိ ချမှတ်နိုင်တာဖြစ်ပြီး ယခုအခါမှာတော့ အဲလ်ဗက်စ်ကို အနိမ့်ဆုံးပြစ်ဒဏ်သာချမှတ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ ဒဏ်ကြေးငွေအဖြစ် ယူရို ၁ သိန်းခွဲပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

နေမာနဲ့ အဲဗက်စ်တို့ဟာ ဘာစီလိုနာမှာသာမက ပီအက်စ်ဂျီမှာပါ ကလပ်အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး ဘရာဇီးမှာလည်း နိုင်ငံ့အသင်းဖော်တွေဖြစ်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ နေမာဟာ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်မှာ သွားရောက်ကစားနေပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ သူ့မှာ အမှားအယွင်းမရှိဘူးလို့ ငြင်းဆိုထားတဲ့ အဲလ်ဗက်စ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ အဲလ်ဗက်စ်ကို အာမခံနဲ့လွှတ်ပေးဖို့ ကနဦးက ဆုံးဖြတ်ခဲ့ပေမယ့် နိုင်ငံကူးလက်မှတ် ဥပဒေတွေကြောင့် ဆက်လက်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

နောက်ခံလူဟောင်းဟာ ဘာစီလိုနာနဲ့သာမက အခြားကလပ်အသင်းကြီးတွေနဲ့ ဖလားတွေအမြောက်အမြားဆွတ်ခူးခဲ့ဖူးပါတယ်။ ဒါ့အပြင် အဲလ်ဗက်စ်ဟာ ဘရာဇီးအတွက်လည်း အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးပြီး ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုတွေကို ဆွတ်ခူးခဲ့ပါတယ်။ ကစားသမားဟောင်းဟာ ၂၀၀၈ ခုနှစ်မှာ ၂၀၁၆ ခုနှစ်အထိ ဘာစီလိုနာမှာ ကစားခဲ့ဖူးပြီး ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်အထိ ရရှိခဲ့ပါတယ်။
#ဘရာဇီး #နေမာ #ဒန်နီရယ်အဲဗက်စ်