ရှေ့သို့
Image

မုဒိမ်းမှုကြောင့် ထောင်ဒဏ် ၉ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ရော်ဘင်ဟို

1:40 PM, 22 March

ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်း ရော်ဘင်ဟိုဟာ မုဒိမ်းမှုတစ်ခုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ဖမ်းဆီးခံထားရပြီး ထောင်ဒဏ် ၉ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ ကစားသမားဟောင်းဟာ ၂၀၁၃ ခုနှစ်တုန်းက မီလန်မြို့ရှိ နိုက်ကလပ်တစ်ခုမှာ အယ်လ်ဘေးနီးယား အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသက်-၄၀ နှစ်အရွယ် ရော်ဘင်ဟိုကို ဘရာဇီးနိုင်ငံ ဆန်းတို့စ်ရှိ သူ့ရဲ့နေအိမ်မှာပဲ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အီတလီအစိုးရက ရော်ဘင်ဟိုကို ပြစ်ဒဏ်စီရင်ဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာတော့ ဘရာဇီးအစိုးရထံ ပြစ်ဒဏ်ကျခံစေဖို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဘရာဇီးနိုင်ငံရှိ တရားရုံးတစ်ခုက ရော်ဘင်ဟိုရဲ့ ပြစ်ဒဏ်ကို ထောက်ခံခဲ့ပြီး နေအိမ်အကျယ်ချုပ်ချမှတ်မယ့်အစား ထောင်ထဲမှာသာ ထိန်းသိမ်းဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့ အစောပိုင်းကလည်း တရားသူကြီးက ရော်ဘင်ဟိုရဲ့ ထိန်းသိမ်းမှုကို ရပ်ဆိုင်းရန်တောင်းဆိုချက်တွေကို ပယ်ချခဲ့တယ်လို့သိရပါတယ်။

ရော်ဘင်ဟိုအနေနဲ့ သူ့ရဲ့ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို အသုံးချပြီး အမှုကနေ လွတ်မြောက်ဖို့ ကြိုးစားနိုင်မှုအပေါ် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ယခုအခါမှာတော့ ဘရာဇီးအစိုးရရဲ့ ပြတ်သားသားသားအရေးယူဆောင်ရွက်မှုအပေါ် ပြည်တွင်းမီဒီယာအများအပြားက ချီးကျူးဖော်ပြနေကြပါတယ်။  ဘရာဇီးလက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၀၀ အထိကစားပေးခဲ့တဲ့ ရော်ဘင်ဟိုဟာ အဆိုပါရာဇဝတ်မှုဖြစ်ပွားချိန်မှာ အေစီမီလန်အတွက် ကစားပေးနေခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တာကြောင့် ရော်ဘင်ဟိုကို အီတလီရဲ့ အမြင့်ဆုံးတရားရုံးက စတင်စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ အီတလီအစိုးရ ရှေ့နေတွေက ရော်ဘင်ဟိုကို နိုင်ငံတကာဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးမှာ ၂ နှစ်အထိ နေထိုင်ခဲ့တဲ့ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတော့ အဆိုပါ လိင်ဆက်ဆံမှုဟာ သဘောတူညီချင်ပါဝင်ခဲ့တယ်လို့ ဘရာဇီးမီဒီယာတစ်ခုသို့ ပြောကြားခဲ့ပါတယ်။

#ဘရာဇီး #ရော်ဘင်ဟို