ရှေ့သို့
Image

ယူကရိန်း၊ ဝေးလ်၊ ပိုလန်၊ ဂရိတို့ နိုင်ပွဲရခဲ့တဲ့ ယူရို-၂၀၂၄ ဝင်ခွင့် Play-Off ပွဲစဉ်များ

9:20 AM, 22 March

ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ခွင့် Play-Off ပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ယူကရိန်း၊ ဝေးလ်၊ ပိုလန်နဲ့ ဂရိတို့ နိုင်ပွဲ ရရှိပြီး နောက်ဆုံး အဆုံးအဖြတ်ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်သွားပါတယ်။

ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ကစားတဲ့ပွဲစဉ်မှာတော့ အိမ်ရှင်တွေက ပြိုင်ဘက် အက်စ်တိုးနီးယားကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း ပိုလန်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၂ မိနစ်မှာ ဖရန်ကောစကီးက သွင်းယူပေးခဲ့ပါတယ်။

ပိုလန်တို့ ဦးဆောင်ဂိုး ရရှိပြီး ငါးမိနစ်အကြာမှာပဲ အက်စ်တိုးနီးယား နောက်ခံအစွန်လူ ပါစကော့စီ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေကို ကစားသမား ၁၀ ဦးတည်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲချိန်စတင်လာပြီး မကြာခင်မှာပဲ ဇီလင်စကီးက ပိုလန်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

အိမ်ရှင်တွေအတွက် နောက်ထပ်သွင်းဂိုးတွေကို ၇ မိနစ်အတွင်းမှာပဲ မြင်တွေ့ခဲ့ရပါတယ်။ ဒီသွင်းဂိုးတွေကို ပွဲချိန် ၇၀ မိနစ်မှ ၇၆ မိနစ်အတွင်း ပီအိုထရောစကီး၊ ဇာလောစကီး၊ ဆိုင်မန်စကီးတို့က သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် ၇၈ မိနစ်မှာတော့ နည်းပြပရိုဗီယက်ဇ်ရဲ့အသင်းကို Clean Sheet မရရှိစေရန် အက်စ်တိုးနီးယားကစားသမား ဗက်ကယ်လ်က တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ပိုလန်က ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဝေးလ်နဲ့ ရင်ဆိုင်ရမယ့် Play-Off ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဘော့စနီးယားနှင့် ဟာဇီဂိုဗီနာမြေမှာ အိမ်ရှင်အသင်းရဲ့အထင်ကရနိုင်ပွဲဖော်ဆောင်ဖို့ ကြိုးပမ်းလာမှုကို ယူကရိန်းက နောက်ကျသွင်းဂိုးတွေ ဖန်တီးကာ ပယ်ဖျက်သွားခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲချိန်စတင်လာချိန်မှာပဲ မက်ဗီယန်ကိုရဲ့ Own Goal ဖြင့် အိမ်ရှင်ဘော့စနီးယားနှင့် ဟာဇီဂိုဗီနာတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ နီးကပ်လာချိန်မှာ ကိုနိုပလေယာရဲ့ဖြတ်တင်ဘောကို ယာယန်ချုခ်က အဆုံးသတ်ကန်သွင်းပြီး ဧည့်သည်ယူကရိန်းအတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။

နောက်ထပ်မိနစ်ပိုင်း အကြာမှာပဲ ယာမာချုဖ်ရဲ့ဖြတ်တင်ဘောကို ဒေါ့ဗက်ခ်က ခေါင်းတိုက်ပြီး ဧည့်သည်တွေ အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ လက်ကျန်ပွဲ ကစားချိန်တွေမှာ နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရလို့ ဧည့်သည်ယူကရိန်းက နိုင်ပွဲရရှိပြီး အိုက်စလန်နဲ့ ရင်ဆိုင်ရမယ့် Play-Off ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ပွဲပြီးရလဒ်များ
----------------
ပိုလန် ၅-၁ အက်စ်တိုးနီးယား
ဝေးလ် ၄-၁ ဖင်လန်
အစ္စရေး ၁-၄ အိုက်စလန်
ဘော့စနီးယားနှင့်ဟာဇီဂိုဗီနာ ၁-၂ ယူကရိန်း
ဂျော်ဂျီယာ ၂-၀ လူဇင်ဘော့
ဂရိ ၅-၀ ကာဇက်စတန်

Play-Off နောက်ဆုံးဗိုလ်လုပွဲအဆင့်တွဲဆိုင်းများ
---------------------------------------
PATH A - ဝေးလ် vs ပိုလန်
PATH B - ယူကရိန်း vs အိုက်စလန်
PATH C - ဂျော်ဂျီယာ vs ဂရိ

#ဂရိ #ပိုလန် #ယူကရိန်း #ဝေးလ် ယူရို၂၀၂၄ခြေစစ်ပွဲ