ရှေ့သို့
Image

ပက်ဂွါဒီယိုလာနဲ့ ယာဂန်ကလော့ပ်တို့ရဲ့ လွှမ်းမိုးမှုအကြောင်း ရှင်းပြလာတဲ့ ဘရူနိုဖာနန်ဒက်စ်

3:35 PM, 21 March

ဘရူနိုဖာနန်ဒက်စ်က ပက်ဂွါဒီယိုလာကို အငြင်းပွားဖွယ်မရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြအဖြစ် သတ်မှတ်လိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကပ္ပတိန်က ယနေ့ဘောလုံးလောကမှာ လူတိုင်းဟာ ပက်ဂွါဒီယိုလာလို ဖြစ်ချင်နေကြတယ်လို့ ယုံကြည်နေပြီး စပိန်သားနည်းပြအတွက် သူ့ရဲ့ချီးကျူးဂုဏ်ပြုမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူအသင်းကို အသွင်ပြောင်းပေးခဲ့တဲ့ ယာဂန်ကလော့ပ်ရဲ့ပုံစံ၊ စိတ်ဓါတ်ပိုင်းတွေက သူ့အပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှုရှိသလဲဆိုတာ ဘရူနိုဖာနန်ဒက်စ်က ရှင်းပြပေးခဲ့ပါတယ်။ ဒါပေမယ့် ဆာဂျင်ရက်ကလစ်ရဲ့ တစိတ်တပိုင်းဦးဆောင်မှုအောက် အနာဂတ်မရေမရာဖြစ်နေတဲ့ လက်ရှိယူနိုက်တက်နည်းပြတန်ဟက်နဲ့ ပတ်သက်လို့ ပေါ်တူဂီလက်ရွေးစင်က မဆွေးနွေးခဲ့ပါဘူး။

A Bola သတင်းဌာနနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာနဲ့ ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က “သံသယဖြစ်စရာ မြူမှုန်လောက်တောင်မရှိရလောက်အောင် အငြင်းပွားဖွယ်မရှိ ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးအကြောင်း ကျွန်တော်တို့ ဆွေးနွေးနေကြတာပါ။ လတ်တလောနှစ်တွေ အတွင်းမှာ သူက ကမ္ဘာ့အကောင်းဆုံး နည်းပြ ဖြစ်ပါတယ်။ သူက ဘောလုံးကစားနည်းကို အများဆုံးပြောင်းလဲပေးခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ လူတိုင်းက ပက်ဂွါဒီယိုလာ ဖြစ်ချင်ကြပါတယ်။ ဒါကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒုတိယတန်းစားမှ ပထမတန်းစား အသင်းတွေအားလုံး မန်စီးတီးလိုကစားဖို့ ကြိုးစားနေကြပြီး မန်စီးတီးမှာ ရှိနေတဲ့ဟန်ချက်မျိုးကို ရှာဖွေဖို့ ကြိုးစားနေကြပါတယ်။ မန်စီးတီးအသင်းရရှိထားတဲ့ အောင်မြင်မှုနဲ့ ရလဒ်တွေကြောင့် အခုလိုမျိုးကြိုးစားနေကြတာပါ။ (တဖက်မှာလည်း ပက်ဂွါဒီယိုလာက ဘရူနိုဖာနန်ဒက်စ်ဘောလုံးရသွားရင် တစ်ခုခုဖြစ်သွားလိမ့်မယ်ဆိုတာ သိထားရမယ်လို့ ချီးကျူးပြောဆိုခဲ့ဖူးပါတယ်။) ကျွန်တော့််အတွက်တော့ ပက်ဂွါဒီယိုလာဆီက ချီးကျူးမှုရရှိတာ အံ့မခန်းစရာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီနေ့ခေတ်ကမ္ဘာ့အကောင်းဆုံး နည်းပြဖြစ်သလို ကျွန်တော်အမှန်တကယ် သဘောအကျဆုံးနည်းပြတစ်ဦးဆီမှ အခုလိုမျိုး ချီးကျူးမှုကို ရရှိခဲ့လို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဘရူနိုဖာနန်ဒက်စ်က စပိန်သားနည်းပြနဲ့တင် မရပ်တန့်ခဲ့ဘဲ ယာဂန်ကလော့ပ်အတွက်လည်း ခံစားမှုပိုကဲတဲ့ ချီးကျူးသံတွေ ပွင့်ထွက်လာခဲ့ပါတယ်။

“ဘောလုံးအပေါ်မှာထားတဲ့ သူ့ရဲ့စိတ်ဓါတ်ပိုင်း၊ ပွဲစဉ်တွေဆီ ယူဆောင်ပေးလာတဲ့ တက်ကြွမှုတွေအတွက် ကျွန်တော်သဘောအကျဆုံး နည်းပြတွေအနက် တစ်ဦးဖြစ်သူအကြောင်း ကျွန်တော်တို့ ဆွေးနွေးနေတာပါ။ သူကိုယ်တိုင် အကောင်းဆုံး ဖြစ်မနေရင် ပွဲစဉ်တွေဆီ အကောင်းဆုံးတွေ ပေးနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ထားလေ့ရှိပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့ နည်းနည်းတော့တူတယ်လို့ တွေးမိပါသေးတယ်။ သူက လီဗာပူးရဲ့စနစ်တစ်ခုလုံးကို ပြောင်းလဲပြီး ကလပ်အသင်းဆီ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးတဲ့ နည်းပြတစ်ဦးပါ။ ကလော့ပ်က ဆုဖလား ဆွတ်ခူးနိုင်မှုနည်းပါးတဲ့ နည်းပြတစ်ဦးလို့ တွေးကြည့်လိုက်မယ်ဆိုရင်တောင် သူ့ရဲ့ဘောလုံးအပေါ် စိတ်အားထက်သန်မှု၊ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ကလပ်အသင်းတစ်ခုကို ပြောင်းလဲပေးခဲ့တဲ့ ပုံစံတွေနဲ့ပတ်သက်လို့ အောင်မြင်မှုတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်”

“ကလော့ပ်လည်း ဆုဖလားကြီးတွေ ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အခြားဆုဖလားတွေ သူသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်တွေအတွင်း သူယူဆောင်ပေးလာတဲ့ အကြီးမားဆုံးဆုတံဆိပ်ကတော့ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းဆိုတာပါပဲ။ သူယူဆောင်လာပေးတဲ့ စိတ်ဓါတ်ပိုင်းနဲ့ အရှိန်အဟုန်တွေက လီဗာပူးကို ချန်ပီယံအသင်းတစ်ခုဖြစ်လာဖို့၊ ဆုဖလားတွေအတွက် တိုက်ပွဲဝင်နိုင်ဖို့နဲ့ အကောင်းဆုံး အသင်းတွေနဲ့ရင်ဘောင်တန်းနိုင်ဖို့ဆိုတဲ့ ယုံကြည်ချက်တွေကို နောက်တစ်ကြိမ်ပြန်လည်မွေးဖွားစေပါတယ်။ ဒါတွေက ကလော့ပ်ကလွဲပြီး ဘယ်သူမှမလုပ်ဆောင်နိုင်တဲ့ အရာအချို့ပါ။ ကျွန်တော့်ရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ စိတ်ဓါတ်ပိုင်းအပေါ် လွှမ်းမိုးမှုအရှိဆုံး နောက်ထပ်နည်းပြတစ်ဦးအကြောင်း ဆွေးနွေးနေကြတာပါ”လို့ ဘရူနိုဖာနန်ဒက်စ်က ဆက်ပြောခဲ့ပါတယ်။

အခုလိုမျိုး ဂွါဒီယိုလာနဲ့ ယာဂန်ကလော့ပ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဘရူနိုဖာနန်ဒက်စ် အတွက် နှိုးဆော်ချက်မရှိခဲ့ပေမယ့် ဒီနေ့တွေ့ဆုံခန်း အစီအစဉ်မှာ ယူနိုက်တက်ကပ္ပတိန်က သူ့ရဲ့လက်ရှိကလပ်နည်းပြ တန်ဟက်အကြောင်း ဆွေးနွေးဖို့ စိတ်မဝင်စားခဲ့ပါဘူး။

#လီဗာပူး #ဂွါဒီယိုလာ #ကလော့ပ် #ဖာနန်ဒက်စ် #ပရီးမီးယားလိဂ်