ရှေ့သို့
Image

အမ်ဘာပေက ကျွန်တော့်ထက်သာနေပြီလို့ ချီးကျူးပြောဆိုလာတဲ့ အွန်နရီ

2:41 PM, 21 March

အာဆင်နယ် ဂန္ထဝင်ကစားသမားဟောင်းဟာ အွန်နရီက လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့အလားအလာများနေတဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ သူ့ထက်သာလွန်နေပြီလို့ အခိုင်အမာချီးကျူးပြောဆိုလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အွန်နရီဟာ ပြင်သစ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြင်သစ်ယူ-၂၁ အသင်းကို စီမံခန့်ခွဲနေပြီး ဘာပေဟာ ကလပ်အသင်းပေါ်မှာသာမက နိုင်ငံအသင်းပေါ်မှာပါ ဘယ်လောက်အထိသက်ရောက်မှုရှိနေကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားဟောင်းဟာ အာဆင်နယ်၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့လို ဥရောပအသင်းကြီးတွေမှာ ကျင်လည်ခဲ့သော်လည်း အသက်-၂၅ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့အမွေအနှစ်ထက်သာလွန်နေတယ်လို့ ချီးကျူးခဲ့ပါတယ်။

အွန်နရီက “ဘာပေ ကျွန်တော့်ကိုကျော်သွားပါပြီ။ ကျွန်တော့်ထက် သာသွားပါပြီ။ သူက ပြင်သစ်ရဲ့အနာဂတ်ပါပဲ။ ကျွန်တော်တို့ပြင်သစ်နိုင်ငံရဲ့ဘောလုံးလောက ကိုယ်စားပြုတဲ့သူက ဘာပေပါ။ ကျွန်တော်တို့သူ့ကို လိုအပ်ပါတယ်။ ရူးလောက်အောင်ကောင်းတဲ့ကစားသမားပါ” လို့ပြောကြားခဲ့ပါတယ်။

ဘာပေဟာ ဘောလုံးသမားဘဝမှာ တစ်ဦးချင်းဆုတံဆိပ်များစွာကို ဆွတ်ခူးနိုင်ပြီး စံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့ပေမယ့် နိုင်ငံအသင်းမှာတော့ အွန်နရီကိုကျော်ဖြတ်နိုင်ဖို့ စံချိန်တစ်ခု ကျန်ရှိနေပါသေးတယ်။ ပီအက်စ်ဂျီစူပါစတား ပြင်သစ်လက်ရွေးစင်အသင်း အတွက် ၄၆ ဂိုးသာ သွင်းယူထားနိုင်ပြီး အွန်နရီက ၅၁ ဂိုးအထိ သွင်းယူထားတာကြောင့် လိုက်မှီဖို့ နောက်ထပ် ၅ ဂိုး သွင်းယူဖို့လိုအပ်နေတာဖြစ်ပါတယ်။ လက်ရှိပြင်သစ်အသင်း အတွက် ဂိုးသွင်းအများဆုံး ကစားသမားကတော့ အိုလီဗာဂီရောက်ဖြစ်ပြီး အာဆင်နယ်ကစားသမားဟောင်းဟာ ၅၆ ဂိုးအထိသွင်းယူထားနိုင်တာဖြစ်ပါတယ်။

အမ်ဘာပေအနေနဲ့ လာမယ့်အိုလံပစ်ပြိုင်ပွဲမှာ ပြင်သစ်ဘောလုံးအသင်းအတွက် ပါဝင်ကစားပေးဖို့ ဆန္ဒရှိနေပေမယ့် ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းလဲနိုင်ပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းဟာ ကလပ်မှာ ရှိနေတဲ့ ပြင်သစ် ကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲအတွက် နိုင်ငံအသင်းထံ စေလွှတ်မှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပြင်သစ်လက်ရွေးစင်အသင်းဟာ ဂျာမနီ၊ ချီလီတို့နဲ့ကစားမယ့် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဘာပေအနေနဲ့လည်း အွန်နရီရဲ့ နိုင်ငံ့ဂိုးသွင်းစံချိန်ကိုကျော်ဖြတ်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပြီး နွေရာသီ ယူရိုပြိုင်ပွဲမှာလည်း နောက်ထပ်သွင်းဂိုးတွေရနိုင်ဖို့ အခွင့်အရေးတွေရှိနေတာဖြစ်ပါတယ်။

#အာဆင်နယ် #ပီအက်စ်ဂျီ #အွန်နရီ #အမ်ဘာပေ