ရှေ့သို့
Image

အာဆင်နယ်နှင့် ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ခံစားချက်ကို ဖွင့်ဟလာတဲ့ တိုမီယာဆု

12:56 PM, 21 March

ကလပ်အတွက် ကာလရှည်အထိ ပေးဆပ်ရတာက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါလို့ အာဆင်နယ် ခံစစ်မှူး တိုမီယာဆုက ပြောကြားလိုက်ပါတယ်။ ဂျပန်လက်ရွေးစင်ကစားသမားဟာ ကလပ်နှင့် ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်လိုက်တာဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်ပါရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်ကသာ နောက်ထပ် ၁၂ လ သက်တမ်းတိုးခဲ့မယ်ဆိုရင် တိုမီယာဆုရဲ့ စာချုပ်က ၂၀၂၇ ခုနှစ်အထိ ရှိမှာဖြစ်ပြီး ကစားသမားရဲ့ အကောင်းဆုံး အချိန်ကာလတွေက အာဆင်နယ်မှာ ရှိသွားမှာဖြစ်ပါတယ်။ ခံစစ်မှူးဟာ ၂၀၂၁ ခုနှစ် ဘိုလော့ဂ်နာကနေ အာဆင်နယ်သို့ ပြောင်းလာတာဖြစ်ပြီး သူ့ရဲ့ အင်ပြည့်အားပြည့် ကစားပုံတွေကြောင့် ပရိသတ်တွေရဲ့ သဘောကျခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိရာသီမှာ သူဟာ ဒဏ်ရာကြောင့် ရုန်းကန်နေရသော်လည်း ဂျပန်နိုင်ငံသားဟာ သူ့ရဲ့အစီစဉ်တွေထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်လို့ အာတီတာက ပြောကြားထားပါတယ်။ ဂန်းနားရှိသူ့ရဲ့အနာဂတ်အပေါ် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီလို့ ခံစစ်မှူးက ပြောကြားထားပါတယ်။

"အာဆင်နယ်က ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခုဖြစ်တာကြောင့် သက်တမ်းတိုးရတဲ့အပေါ် ပျော်ရွင်မိပါတယ်" "ဒီကလပ်အတွက် ကစားပေးဖို့က အိပ်မက်တစ်ခုဖြစ်ပါတယ် ကျွန်တော် အရမ်းကို ပျော်ပါတယ်" လို့ တိုမီယာဆုက ပြောပါတယ်။

ဂျပန်နိုင်ငံသားအနေနဲ့ မြောက်လန်ဒန်ကလပ်မှာ ဆက်ရှိနေမယ့်အပေါ် အာတီတာက အလားတူပျော်ရွင်နေတာဖြစ်ပါတယ်။ "သူ့ရဲ့အရည်အချင်း၊ စွမ်းရည်တွေနဲ့အတူ တိုမီရဲ့ စိတ်နေစိတ်ထားတွေက တကယ့်ကို ပထမတန်းပါပဲ" "သူ့ကိုအားလုံးက သဘောကျကြပြီး ကျွန်တော်တို့အသင်းထံရောက်လာကတည်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေခဲ့တာဖြစ်ပါတယ်" "သူ့ရဲ့လေ့ကျင့်မှု၊ စိတ်ဆန္ဒပြင်းပြမှု၊ ဆုံးဖြတ်ချက်တွေက နေ့တိုင်းမှာ သူ့အတွက် အကောင်းဆုံးပါပဲ၊ အရမ်းကို သဘောကျဖို့ကောင်းပါတယ်" "လာမယ့်နှစ်တွေမှာလည်း သူနဲ့အတူ အကောင်းဆုံး လက်တွဲနိုင်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်" လို့ အာတီတာက ပြောပါတယ်။

တိုမီယာဆုရဲ့ စာချုပ်သက်တမ်း တိုးမှုဟာ အာဆင်နယ်ရဲ့ ဘန်ဝှိုက်အတွက် ကာလရှည်စာချုပ် ချုပ်ဆိုပြီးနောက် တစ်ပတ် အကြာမှာ ဖြစ်လာတာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #တိုမီယာဆု #ပရီးမီးယားလိဂ်