ရှေ့သို့
Image

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ထိုင်းအသင်း အံ့အားသင့်စရာတွေ လုပ်ပြလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ထိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ

12:30 PM, 21 March

ထိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဘီလျံနာသူဋ္ဌေးကြီး မဒမ်လမ်ဆမ်က ဒီနေ့၊ တောင်ကိုရီးယားနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အနိုင်ရဖို့ရေပန်းမစားတဲ့ ထိုင်းအသင်းဟာ အသိအမှတ်ပြုစရာ စွမ်းဆောင်ရည်တစ်ခုကို ချပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဆိုးလ်မြို့ရှိ ဆိုးလ်ကမ္ဘာ့ဖလားအားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် မဒမ်ပမ်လို့ လူသိများတဲ့ လမ်ဆမ်က ပြိုင်ဘက်အသင်းနှစ်ခုအကြား အဆင့်ကွာဟချက်တွေ ကြီးကြီးမားမားရှိပေမယ့် ထိုင်းလက်ရွေးစင်အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်။

အတိတ်မှာ တောင်ကိုရီးယားယူ-၁၉အသင်းအပေါ် ထိုင်းယူ-၁၉အသင်းက အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို ရည်မှန်းအောက်မေ့နေတဲ့ မဒမ်လမ်ပမ်က “ကမ္ဘာ့အဆင့်ရပ်တည်မှု အပိုင်းမှာ တောင်ကိုရီးယားက အဆင့်-၂၂ အဖြစ် သက်သောင့်သက်သာရပ်တည်နိုင်နေနိုင်ပါတယ်။ ဒါက ထိုင်းအသင်းထက် အဆင့် ၈၀ လောက် မြင့်မားပါတယ်။ ထိုင်းက လက်ရှိမှာ အဆင့်-၁၀၁ မှာ ရှိနေပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ မထင်မှတ်ထားတဲ့အရာတွေကို နောက်ထပ် ဖန်တီးပေးဖို့ ကျွန်မတို့ အသင့်ပြင်ထားပြီးပါပြီ။ ဒါမှမဟုတ် အနည်းဆုံးတော့ အဖိုးတန်တစ်မှတ်လောက်တော့ ပိုင်ဆိုင်ချင်ပါတယ်”လို့ ပြောပါတယ်။

အခုအချိန်မှာ ဒီပြိုင်ဘက်အသင်းနှစ်ခုလုံးက ယခင်ကစားထားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအပြီး အပြောင်းအလဲတွေ ပြုလုပ်ထားပါတယ်။ ထိုင်းအသင်းနည်းပြအဖြစ် မာနိုပေါ့ကင်းရဲ့နေရာမှာ ဂျပန်လူမျိုးနည်းပြ မာရှာတာဒါအီရှီက တာဝန်ယူနေပြီး တောင်ကိုရီးယားကလည်း ဂျာမန်လူမျိုးနည်းပြ ကလင်းစမန်းနေရာမှာ ပြည်တွင်းနည်းပြဟွမ်ဆန်းဟောင်နဲ့ အစားထိုးထားပါတယ်။

တောင်ကိုရီးယားရဲ့အခုပွဲစဉ်အပေါ်ချဉ်းကပ်မှုနဲ့ပတ်သက်လို့ မဒမ်လမ်ဆမ်က “ကျွန်မတို့အသင်းနဲ့ ရင်ဆိုင်ဖို့ ဥရောပအခြေစိုက်ကစားသမားတွေ ခေါ်ယူလာခြင်းက သူတို့ရဲ့ အခုပွဲစဉ်အပေါ် လေးစားမှုကို ပြသနေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ ထိုင်းအသင်းကတော့ နောက်ဆုံးဝီစီမှုတ်ချိန်မတိုင်ခင်အထိ ကျွန်မတို့ရဲ့ ယုံကြည်မှုတွေကို ယိမ်းယိုင်သွားစေမှာ မဟုတ်ပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။

ဒီနေ့ဆိုးလ်မြို့ပွဲစဉ်အပြီး လာမယ့်မတ် ၂၆ ရက်၊ ဘန်ကောက်မြို့ ရာဇမင်္ဂလာဘောလုံးကွင်းကြီးမှာ ထိုင်းအသင်းက တောင်ကိုရီယားအသင်းကို အိမ်ရှင်အဖြစ် ပြန်လည်ဧည့်ခံရပါလိမ့်မယ်။
#ကမ္ဘာ့ဖလားခြေစစ်ပွဲ