ရှေ့သို့
Image

လေ့ကျင့်ရေးကွင်းမှာ ညာခြေနဲ့ လေ့ကျင့်မှုတွေပါပြုလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အန်တိုနီ

12:46 PM, 20 March

လီဗာပူးနှင့်ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ သူ့ရဲ့စိတ်ဓာတ်ခွန်အားအတွက် အားတက်စရာဖြစ်ခဲ့သလို သူ့ရဲ့တန်ကြေးဖြစ်တဲ့ ပေါင် ၈၅ သန်း အတွက် ပြသလိုက်တာဖြစ်ကြောင်း ယူနိုက်တက်တောင်ပံကစားသမားက အန်တိုနီက ပြောကြားလိုက်ပါတယ်။

ဘရာဇီးနိုင်ငံသားဟာ လက်ရှိရာသီ အိုးထရက်ဖို့ဒ်မှာ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ယူနိုက်တက်ဟာ လီဗာပူးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ အနိုင်ရရှိမှုတွင် ဂိုးသွင်းယူခဲ့တဲ့ အန်တိုနီက ပျော်ရွင်နေပြီး သူ့ရဲ့ယုံကြည်မှုတိုးတက်ဖို့အတွက် ဒီလိုဂိုးတွေလိုအပ်နေတာပါလို့ ပြောကြားလိုက်ပါတယ်။

သတင်းထောက်တွေကို အန်တိုနီက "ဒါဟာ အရမ်းကိုအရေးပါတဲ့ ဂိုး တစ်ဂိုးပါ၊ ဒီဂိုးကြောင့် ကျွန်တော်တို့အတွက် အချိန်ပိုရရှိခဲ့ပြီး အနိုင်ရရှိဖို့ ကြိုးစားနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရေ ပြောရမယ်ဆိုရင်လည်း ကျွန်တော့်အတွက် အရမ်းကို အရေးပါတဲ့ အခိုက်အတန့်ပါ။ ဒီလိုဂိုးတွေ ကျွန်တော်လိုအပ်နေတာပါ" "ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေကို ပြသရမှာဖြစ်ပြီး အားလုံးအတွက် စိတ်အားတက်ကြွစေမယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်ခဲ့တာပါ။ နောက်ဆုံးမိနစ်အထိ ကျွန်တော်တို့ အသင်းက တိုက်ပွဲဝင်ခဲ့တာပါ။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ရှေ့မှာ ယူနိုက်တက်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ကလပ်အတွက် နောက်ထပ် ဆုဖလားကို ရရှိဖို့ အလားအလာရှိနေပြီး အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစားသွားမှာပါ"လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်တွင် ယူနိုက်တက်သို့ အေဂျက်စ်ကနေ ပေါင် ၈၅ သန်း (ယူရို ၉၉ သန်း) ဖြင့် ရောက်လာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်ရှိ ပထမဆုံးရာသီမှာ တန်ကြေးနဲ့ညီမျှအောင် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။ ဝေဖန်မှုတွေကြားမှာ ဘရာဇီးနိုင်ငံသားက သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့တန်အောင် ပြသနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ပွဲရဲ့နောက်ကွယ် လေ့ကျင့်ရေးမှာ သူဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ပြောကြားလိုက်ပါတယ်။

"ဒီအတွက် အချိန်တစ်ခုအထိ လေ့လာကြိုးစားခဲ့တာပါ။ ဝေဖန်မှုတိုင်းကို လေ့လာသုံးသပ်ပြီး တိုးတက်နိုင်တယ်ဆိုတာ နားလည်ခဲ့ပါတယ်။ ကွင်းအတွင်း ခြေစွမ်းပြသဖို့အတွက် သိုသိုသိပ်သိပ် လေ့ကျင့်ခဲ့ပါတယ်။ ညာခြေနဲ့ လေ့ကျင့်မှုများစွာ လုပ်ခဲ့ပြီး ပိုကောင်းအောင်လုပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အလားအလာကို သိပြီး ယူနိုက်တက်အနေနဲ့ ကျွန်တော့်ကို ဘာကြောင့် ခေါ်ယူခဲ့သလဲဆိုတာကို သိပါတယ်။ ဒါတွေအတွက် ကွင်းထဲမှာ ကျွန်တော် ပေးဆပ်ပြီးလုပ်ဆောင်ချင်ပါတယ်"လို့ အန်တိုနီက ပြောပါတယ်။

နိုင်ငံတကာပွဲစဉ်များအပြီး မတ်လ ၃၀ ရက် ဘရန့်ဖို့ဒ်နှင့်ပွဲမှာ အေဂျက်စ်စတားဟောင်းဟာ တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်။

#လီဗာပူး #အန်တိုနီ #ပရီးမီးယားလိဂ်