ရှေ့သို့
Image

အမ်ဘာပေကို အိုလံပစ်အသင်းအတွက် ရွေးချယ်ခွင့်နဲ့ ပတ်သက်လို့ ရီးရဲလ်ကို သတိပေးလိုက်တဲ့ အွန်နရီ

4:21 PM, 19 March

ပြင်သစ်အိုလံပစ်လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖွယ်ရှိတဲ့ အွန်နရီက အမ်ဘာပေကို အသင်းလူစာရင်းမှာ ရွေးချယ်ခွင့်နဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်အသင်းဆီ သတိပေးမှုတစ်ခု ပြုလုပ်လာပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားဆုရှင်က လက်ရှိကလပ်အသင်း ကစားသမားဘဝကို ပြင်သစ်နိုင်ငံရဲ့မြို့တော်ကြီးဆီမှာ ဖြတ်သန်းနေပြီး ပီအက်စ်ဂျီအသင်း ကိုယ်စားပြုအဖြစ် ခြေစွမ်းပြနေပါတယ်။ ဒါပေမယ့် သူက လက်ရှိကလပ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့အရေးကို ပယ်ချထားပြီး လာမယ့်နွေရာသီမှာ ဆန်တီယာဂိုဘာနေဗျူးအရပ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီနေရာမှာ ရီးရဲလ်မက်ဒရစ်အနေဖြင့် အမ်ဘာပေရဲ့မွေးရပ်မြေမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကြီးဆီ ကစားသမားကို စေလွှတ်သွားပါ့မလားဆိုတဲ့ ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။ အသက်-၂၅ နှစ်အရွယ် တိုက်စစ်မှူးက ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာလည်း ပြင်သစ်နိုင်ငံကိုယ်စားပြုပြီး ပါဝင်ကစားသွားမယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါပေမယ့် အွန်နရီကတော့ အမ်ဘာပေရဲ့ အိုလံပစ်ပြိုင်ပွဲဆင်နွှဲခွင့်နဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေအကြား သဘောတူညီမှုတစ်ခုရယူနိုင်ရေး မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပါဘူး။

ဒီလိုအခြေအနေတွေကြားမှာပဲ ရီးရဲလ်မက်ဒရစ်ရဲ့ဆန္ဒနဲ့ပတ်သက်ပြီး အွန်နရီက “ရီးရဲလ်ဘက်က ခွင့်ပြုပေးပါ့မလားဆိုတာ အမြဲတမ်းလိုလို ပြဿနာတစ်ရပ်ဖြစ်နေတာပါ။ ဒီလိုခွင့်ပြုပေးဖို့ကိစ္စ အမှန်တကယ်ဖြစ်လာဖို့ ဘယ်လောက်အထိခက်ခဲသလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုခွင့်ပြုပေးမယ်ဆိုတဲ့ကိစ္စကိုလည်း ကျွန်တော် သံသယရှိပါတယ်။ အထူးသဖြင့် ပြည်ပကလပ်အသင်းတွေအတွက်ဆိုရင် ဒါက သာမန်အခြေအနေပါပဲ။ အိုလံပစ်ပြိုင်ပွဲကြီးကို ဒီနိုင်ငံမှာ ကျင်းပမှာဖြစ်လို့ ပြင်သစ်ပြည်တွင်းကလပ်တွေကတော့ ကျွန်တော်တို့ကို အကူအညီပေးသွားလိမ့်မယ်လို့ ယူဆမိတယ်။ ဒါပေမယ့် နိုင်ငံခြားကလပ်အသင်းတွေနဲ့ဆိုရင်တော့ ဒါကို ကျွန်တော်သံသယဖြစ်မိပါတယ်။ ကျွန်တော်ကတော့ ဘယ်တော့မှ လက်လျှော့သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဖီဖာရဲ့လက်အောက်ခံပြိုင်ပွဲ မဟုတ်လို့ ဆုံးဖြတ်ချက်တွေကို ကလပ်အသင်းတွေဘက်ကပဲ ချမှတ်သွားရပါမယ်”

“ကျွန်တော်တို့ဘက်က ဆွေးနွေးဖို့ ကြိုးစားသွားမှာဖြစ်ပေမယ့် မလွယ်ကူဘူးဆိုတာကိုလည်း သိထားပါတယ်။ ကျွန်တော်တို့ ဆွေးနွေးဖို့ ကြိုးစားသွားမှာဖြစ်ပြီး ဘာတွေလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်နေသလိုပါပဲ။ ကျွန်တော်တို့ လူတိုင်းကို ကိုယ့်ဘက်ပါလာအောင် ဆွယ်တရား ဟောသွားရပါမယ်။ သူတို့တွေ လက်ခံပေးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ကျွန်တော်တို့အတွက် တိကျသေချာမှုမရှိသေးလို့ ဒီကိစ္စအတွက် ပြင်ဆင်ရတာ ခက်ခဲလွန်းပါတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့လိုချင်တဲ့ကစားသမားနာမည်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကလပ်တွေဘက်က သဘောတူညီမှုကို ဘယ်အချိန်ပေးမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကစားသမားတွေက ကလပ်အသင်း ပြောင်းသွားမယ်ဆိုရင် ပိုပြီးတောင် မလွယ်ကူတော့ပါဘူး။ ဒါပေမယ့် ဒီလိုကိစ္စတွေ ရှိလာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်”လို့ ပြောပါတယ်။

အမ်ဘာပေက ပြင်သစ်လက်ရွေးစင်စီနီယာအသင်း အတွက် ၇၅ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၄၃ ဂိုး သွင်းယူပေးထားပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီအက်စ်ဂျီ #အွန်နရီ #အမ်ဘာပေ