ရှေ့သို့
Image

ဆွီဒင်နဲ့ရင်ဆိုင်ရမယ့် ပေါ်တူဂီအသင်းရဲ့ခြေစမ်းပွဲစဉ်ကို လွဲချော်မယ့် စီရော်နယ်ဒို

12:37 PM, 19 March

အခုနိုင်ငံတကာသီတင်းပတ်အတွင်း ဆွီဒင်နဲ့ ရင်ဆိုင်ဖို့ စီစဉ်ထားတဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ခြေစမ်းပွဲစဉ်ကို ဝါရင်တိုက်စစ်မှူးစီရော်နယ်ဒိုလွဲချော်ဖို့ ရှိနေလို့ နည်းပြရောဘတ်တိုမာတီနက်ဇ်အနေဖြင့် အသင်းလူစာရင်းပိုင်းအပြောင်းအလဲ ပြုလုပ်သွားရပါမယ်။

မာတီနက်ဇ်က သူ့အသင်းရဲ့ပမာဏလက်ရွေးစင်ကစားသမား ၃၂ ဦးစာရင်းမှာ ဘော်လွန်းဒီအော် ၅ ဆုရှင်ကို ထည့်သွင်းခဲ့ပေမယ့် ကစားသမားဟာ ဆွီဒင်နဲ့ ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ်အတွက် အသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ သူက ဒါလော့၊ ကန်ဆယ်လို၊ ဒါနီလိုပါရဲယား၊ အိုတာဗီယို၊ ရူဘင်နာဗက်စ်၊ ဗီတင်ဟာနဲ့ ဂျာအိုဖီးလစ်တို့လိုပဲ နိုင်ငံတကာသီတင်းပတ်အတွက် အနားယူရမယ့် ကစားသမားစာရင်းမှာ ရှိနေခဲ့ပါတယ်။

ESPN သတင်းဌာနရဲ့အဆိုအရ အယ်လ်နာဆာတိုက်စစ်မှူး မပါဝင်နိုင်ခြင်းအကြောင်းရင်းကတော့ အသက်-၃၉ နှစ်အရွယ် ကစားသမားဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ်တွေ ရပ်နားထားချိန် မိသားစုနဲ့အတူ ဆော်ဒီနိုင်ငံအတွင်း အပန်းဖြေခရီးတိုတစ်ခု ထွက်ခွာဖို့ ရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့စနေနေ့၊ အယ်လ်နာဆာအတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းက အလွန်အလုပ်များဖို့ရှိနေတဲ့ နွေရာသီကာလမတိုင်ခင် အရေးကြီးတဲ့အားလပ်ချိန်အချို့ ရရှိသွားပါလိမ့်မယ်။

ပေါ်တူဂီအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်က ဆွီဒင်နဲပွဲစဉ်အပြီးမှာ မာတီနက်ဇ်ရဲ့အသင်း လူစာရင်းဆီ ပြန်လည်ပါဝင်လာဖို့ရှိပြီး လက်ရွေးစင်အဆင့်တာဝန်တွေကို အချိန်ပိုင်းထမ်းဆောင်သွားဖွယ် ရှိပါတယ်။ စီရော်နယ်ဒိုက လာမယ့်နွေရာသီကာလမှာ ပေါ်တူဂီအသင်း အတွက် အရေးပါတဲ့ကစားသမားဖြစ်လာဖွယ် ရှိပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းကလည်း ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းစာရင်းမှာ ပါဝင်နေပါတယ်။

အယ်လ်နာဆာတိုက်စစ်မှူးက မတ် ၂၆ ရက်၊ ဆလိုဗေးနီးယားနဲ့ပွဲစဉ်အတွက် ပေါ်တူဂီအသင်းမှာ ပါဝင်ကစားပေးသွားပါလိမ့်မယ်။ ဒီနောက်မှာတော့ သူက အယ်လ်နာဆာအသင်းနဲ့ပြန်လည်ပူးပေါင်းပြီး မတ် ၃၀ ရက်၊ Al Tai နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်ကို ဆင်နွှဲသွားပါလိမ့်မယ်။

အယ်လ်နာဆာက အမှတ်ပေးဇယားဦးဆောင်သူ အယ်လ်ဟီလယ်ကို မျက်ခြေမပြတ်အမှီလိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။

#ပေါ်တူဂီ #ရော်နယ်ဒို #ဆွီဒင် #ခြေစမ်းပွဲ