ရှေ့သို့
Image

ဒဏ်ရာပြဿနာကြောင့် အာဂျင်တီးနားရဲ့ခြေစမ်းပွဲစဉ်နှစ်ခုကို လွဲချော်မယ့် မက်ဆီ

9:13 AM, 19 March

လီယွန်နယ်မက်ဆီက ဒဏ်ရာပြဿနာကြောင့် အခုနိုင်ငံတကာသီတင်းပတ်၊ အာဂျင်တီးနား အသင်းရဲ့ ခြေစမ်းပွဲစဉ်နှစ်ခုမှာ ပါဝင်ကစားပေးနိုင်ဖို့ မရှိပါဘူး။

အသေးစားတံကောက်ကြောဒဏ်ရာခံစားနေရတဲ့ တိုက်စစ်မှူးက အသင်းလူစာရင်းမှာ ပါဝင်လာခြင်းမရှိဘူးလို့ အာဂျင်တီးနားလက်ရွေးစင်အသင်းက သူတို့ရဲ့ တရားဝင် X လူမှုကွန်ရက်စာမျက်နှာမှတဆင့် အတည်ပြုထုတ်ပြန်ထားပါတယ်။ မက်ဆီက အခုဒဏ်ရာကို နက်ရှ်ဗီလီနဲ့ ရင်ဆိုင်ကစားရတဲ့ အင်တာမီယာမီရဲ့ ကွန်ကာကပ်ဖ်ချန်ပီယံဖလား ပွဲစဉ်မှာ ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ကြာသပတေးနေ့၊ မေဂျာလိဂ်ပြိုင်ဘက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ အသက်-၃၆ နှစ်အရွယ် တိုက်စစ်မှူးက ပွဲချိန် ၂၃ မိနစ်မှာပဲ အသင်းအတွက် သွင်းဂိုး ရယူပေးနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း စတင်ပြီး ငါးမိနစ်အကြာမှာ လူစားလဲလှယ်ခဲ့ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့စနေနေ့၊ ဒီစီယူနိုက်တက်နဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ မက်ဆီ မပါဝင်နိုင်ခဲ့ပါဘူး။

အာဂျင်တီးနားအသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ “အသင်းကပ္ပတိန်မက်ဆီဟာ ညာဘက်ခြေထောက်တံကောက်ကြော အသေးစားဒဏ်ရာကြောင့် အမေရိကန်မှာ ကစားဖို့ စီစဉ်ထားတဲ့ ခြေစမ်းပွဲစဉ်တွေ အတွက် အသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ သူ့ရဲ့ဒဏ်ရာက နက်ရှ်ဗီလီနဲ့ရင်ဆိုင်ကစားရတဲ့ အင်တာမီယာမီရဲ့ပွဲစဉ်မှာ ပေါ်ပေါက်လာခဲ့တာပါ”လို့ ဖော်ပြထားပါတယ်။

အာဂျင်တီးနားအသင်းက လာမယ့် သောကြာနေ့၊ ဖီလာဒဲလ်ဖီးယားမြို့မှာ အယ်လ်ဆာဗေးဒိုးအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် လေးရက်အကြာ၊ လော့စ်အိန်ဂျယ်လိမြို့မှာ ကော်စတာရီကာအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင် ကစားရပါမယ်။ စကာလိုနီရဲ့အသင်း အတွက် အခုပွဲစဉ်တွေကို မက်ဆီအပြင် ရိုးမားတိုက်စစ်မှူး ဒိုင်ဘားလား၊ လေဗာကူဆင်ကွင်းလယ်လူ ပလာစီယို့စ်နဲ့ ဘုန်းမောက် နောက်ခံလူ ဆန်နီစီတို့လည်း လွဲချော်သွားပါမယ်။

မက်ဆီရဲ့ဒဏ်ရာပြဿနာက အင်တာမီယာမီ အသင်းအပေါ် ထိခိုက်မှုမရှိစေခဲ့ဘဲ လူးဝစ်ဆွာရက်ဇ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ ဒီစီယူနိုက်တက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အင်တာမီယာမီ အသင်းနည်းပြ တာတာမာရီနိုကတော့ မက်ဆီရဲ့ဒဏ်ရာကို သီတင်းပတ်အလိုက် ကုသပေးသွားရဖို့ရှိပြီး ကွန်ကာကပ်ဖ်ကွာတားဖိုင်နယ်ပွဲစဉ်တွေမတိုင်ခင် အသက်-၃၆ နှစ် အရွယ် ဘော်လွန်းဒီအော် ၈ ဆုရှင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

#အာဂျင်တီးနား #မက်ဆီ #ခြေစမ်းပွဲ