ရှေ့သို့
Image

တံကောက်ကြောဒဏ်ရာပြဿနာကြောင့် အာဂျင်တီးနားရဲ့ ခြေစမ်းပွဲစဉ်တွေကို လွဲချော်သွားနိုင်တဲ့ မက်ဆီ

1:50 PM, 17 March

အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီဟာ တံကောက်ကြောဒဏ်ရာကြောင့် လက်ရွေးစင် အာဂျင်တီးနားအသင်းရဲ့ မတ်လအတွင်း ခြေစမ်းပွဲစဉ်တွေကို လွဲချော်သွားနိုင်ခြေရှိပြီး အင်တာမီယာမီနည်းပြ တာတာမာတီနိုကလည်း ကစားသမားအတွက် စွန့်စားမှုပြုလုပ်လိုခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားသတင်းစာတွေအရ မက်ဆီဟာ နာ့ရှ်ဗီလီနဲ့ ကစားခဲ့တဲ့ CONCACAF ချန်ပီယံရှစ်ဖလားပြိုင်ပွဲမှာ အင်တာမီယာမီအတွက် ပါဝင်ကစားရင်း ညာဘက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကြောင့် ကစားသမားဟာ စနေနေ့က ကစားခဲ့တဲ့ ဒီစီယူနိုက်တက်နဲ့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပြီး သူ့အစား လူးဝစ်ဆွာရက်ဇ်က ဝင်ရောက်ကစားကာ သွင်းဂိုးရယူပေးနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ အင်တာမီယာမီနည်းပြ တာတာမာတီနိုက မက်ဆီနဲ့ပတ်သက်ပြီး ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာခဲ့ကာ ကစားသမားအတွက် စွန့်စားမှုပြုလုပ်လိုခြင်းမရှိဘူးလို့ အသိပေးခဲ့ပါတယ်။ တာတာမာတီနိုက “ကျွန်တော်တို့ သူ့အခြေအနေကို အကဲဖြတ်နေပါတယ်။ သူက CONCACAF ချန်ပီယံရှစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီကြားထဲမှာ စွန့်စားမှုမပြုလုပ်ဘဲ ချန်ထားတာပါ” လို့ပြောကြားခဲ့ပါတယ်။ 

အာဂျင်တီးနားဟာ မတ်လ ၂၁ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ အယ်လ်ဆာဗေးဒေါ၊ နိုင်ဂျီးရီးယားတို့နဲ့ ခြေစမ်းပွဲစဉ်တွေကစားသွားရမှာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေကျင်းပနေချိန်ဖြစ်သော်လည်း မေဂျာလိဂ်ကတော့ ရပ်တန့်ထားခြင်းမရှိတာကြောင့် အင်တာမီယာမီအနေနဲ့ ပွဲစဉ်တွေကို ဆက်တိုက်ကစားသွားရမှာဖြစ်ပြီး နားချိန်ရမှာမဟုတ်ပါဘူး။ 

မာတီနိုရဲ့ပြောကြားချက်အရ မက်ဆီဟာ ဧပြီလ ၂ ရက်နေ့မှာကစားမယ့် CONCACAF ချန်ပီယံရှစ်ဖလား ကွာတားဖိုင်နယ်မှာ ပါဝင်ကစားရဖို့ရှိတာကြောင့် မက်ဆီအနေနဲ့ လာမယ့်အပတ်မှာ နိုင်ငံအသင်းနဲ့ပူးပေါင်းသွားမလား အင်တာမီယာမီမှာပဲ ဆက်လက်ကျန်ရှိနေမလားဆိုတာ မသေချာသေးပါဘူး။ မက်ဆီအနေနဲ့ အင်တာမီယာမီနဲ့အတူ ကြံ့ခိုင်မှုကို ၁၀၀ ရာခိုင်နှုန်းထိန်းသိမ်းသွားမလား အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားသွားမလားဆိုတာကတော့ စောင့်ကြည့်ရဖို့ရှိပါတယ်။ 

#အာဂျင်တီးနား #မက်ဆီ #တာတာမာတီနို