ရှေ့သို့
Image

ဒဏ်ရာပြဿနာကြောင့် ဘရာဇီးအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့အပြင် လီဗာပူးနဲ့ပွဲစဉ်မှာပါ ပါဝင်နိုင်ဖို့မသေချာတဲ့ ကတ်စမဲရိုး

1:48 PM, 17 March

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကတ်စမဲရိုးဟာ ဒဏ်ရာပြဿနာကြောင့် ဘရာဇီးလက်ရွေးစင်အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတဲ့အပြင် ယနေ့ညမှာ လီဗာပူးနဲ့ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကိုပါ ပါဝင်နိုင်ဖို့သံသယရှိစရာအခြေအနေဖြစ်လာပါတယ်။ 

ဘရာဇီးအသင်းဟာ နိုင်ငံတကာခြေစွမ်းပွဲစဉ်တွေအဖြစ် မတ်လ ၂၃ နဲ့ ၂၆ ရက်နေ့တွေမှာ အင်္ဂလန်၊ စပိန်တို့နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ကနဦးမှာ ကတ်စမဲရိုးက အသင်းအတွက်ပါဝင်ထားသော်လည်း စနေနေ့ညမှာတော့ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့တယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဘရာဇီးအသင်းဟာ ကတ်စမဲရိုးအစား ပေါ်တိုတိုက်စစ်မှူး ပီပီကို အစားထိုးခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘရာဇီးနည်းပြ ဒိုရိုင်ဘယ်ဂျူနီယာက “ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်က ကတ်စမဲရိုးအစား ပေါ်တိုတိုက်စစ်မှူး ပီပီကို ခေါ်ယူခဲ့ပါတယ်။ ကတ်စမဲရိုးက ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ခြေစမ်းပွဲစဉ်တွေမှာပါဝင်နိုင်ခြင်းမရှိပါဘူး။ ကျွန်တော်တို့ ဘရာဇီးနည်းစနစ်ကော်မတီကနေ ကစားသမား ၅၀ ကိုရွေးချယ်ထားပြီး အဲဒီထဲကနေ ပြန်ရွေးဖို့ စီစဉ်ထားပေမယ့် ကစားသမား ၁၃ ယောက်လောက်က ဒဏ်ရာကြောင့် ရွေးချယ်ဖို့အခွင့်အရေးမရှိတော့ပါဘူး။ ကံမကောင်းစွာနဲ့ပဲ အဲဒီ ၁၃ ယောက်ထဲမှာ ကတ်စမဲရိုးလည်းပါဝင်နေပါတယ်။ ပီပီက တိုက်စစ်မှူးဖြစ်ပေမယ့် အခုချိန်မှာတော့ ကွင်းလယ်နေရာမှာ ကစားနေတာပါ” လို့ပြောကြားခဲ့ပါတယ်။ 

ကမ္ဘာ့ဖလား ၅ ကြိမ်ဆွတ်ခူးထားတဲ့အသင်းဟာ ကတ်စမဲရိုးရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ခြင်းမရှိရုံသာမက ကွင်းလယ်လူအနေနဲ့ ဘယ်လောက်အထိအနားယူရနိုင်တယ်ဆိုတာကိုလည်း အသိပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်းဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်သွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ 

ဒီရာသီမှာ ကတ်စမဲရိုးဟာ ယူနိုက်တက်အတွက် ၂၁ ပွဲအထိပွဲထွက်ပါဝင်ကစားထားသော်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ၃ လကြာအနားယူခဲ့ရပါတယ်။ လက်ရှိအသင်းရဲ့ဒဏ်ရာရလူစာရင်းမှာ တိုင်ရဲလ်မာလာစီယာ၊ လုခ်ရှောနဲ့ မာတီနက်ဇ်တို့ပါဝင်နေသော်လည်း ယခုပွဲစဉ်ကို ဟွိုက်လန်း၊ ဘစ်ဆာကာနဲ့ မက်ဂွါရီတို့ ပြန်လည်ပါဝင်ကစားနိုင်မယ့်အပြင် နိုဝင်ဘာလကတည်းက ဒဏ်ရာရနေခဲ့တဲ့ မေဆင်မောင့်ကလည်း ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။ 



#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဘရာဇီး