ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်ရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီထံ မက်ဆေ့ပေးပို့လိုက်တဲ့ တန်ဟက်

2:52 PM, 16 March

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ပီအက်စ်ဂျီနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းရဲ့တိုက်စစ်မှူး မားကက်ရက်ရှ်ဖို့ဒ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဟာ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုပြီးနောက် လက်ရှိရာသီမှာတော့ အခုချိန်အထိ ၇ ဂိုးသာသွင်းယူထားနိုင်ပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အခုလို ရုန်းကန်နေရတဲ့ အသက်-၂၆ နှစ်အရွယ် ကစားသမားကို ပီအက်စ်ဂျီ နွေရာသီမှာ အသင်းကနေထွက်ခွာမယ့် တိုက်စစ်မှူး ကီလီယန်အမ်ဘာပေနေရာမှာ အစားထိုးဖို့ပစ်မှတ်ထားနေပြီး ပြောင်းရွှေ့ကြေး ကြီးကြီးမားမားနဲ့ကမ်းလှမ်းလိုနေတာဖြစ်ပါတယ်။

အသင်းရဲ့အကယ်ဒမီထွက်ကစားသမားကို ရောင်းချမယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ ဘဏ္ဍာရေးအမြတ်ငွေကို အသားတင်ရရှိသွားမှာဖြစ်သော်လည်း တန်ဟက်ကတော့ “ကျွန်တော်တို့သူ့ကို ပြီးခဲ့တဲ့နွေရာသီမှာ ၅ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာ ရောင်းဖို့မဟုတ်ပါဘူး။ သူက ကျွန်တော်တို့ လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အရောင်းအဝယ်ကိစ္စကပြောနေစရာကို မလိုပါဘူး” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီရာသီ အသင်းရဲ့ နောက်ဆုံးဖလားမျှော်လင့်ချက်ကို ဆက်လက်ဖော်ဆောင်နိုင်ဖို့ အသည်းအသန်လိုအပ်နေပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာအများအပြားကြောင့် ပုံစံကောင်းရဖို့ ရုန်းကန်နေရပြီး လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရတည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အတော်ပဲတိုက်ပွဲဝင်ရဖို့ရှိနေပါတယ်။

ယခုအခါမှာ တန်ဟက်က တနင်္ဂနွေနေ့ လီဗာပူးနဲ့ကစားမယ့်ပွဲစဉ်ဟာ အသင်းအတွက် တွန်းအားတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ နယ်သာလန်သားက “တကယ်တော့ ကျွန်တော်တို့က အကောင်းဘက်ကို ဦးတည်ဖို့အချိန်အကြာကြီးမယူရပါဘူး။ ကျွန်တော်တို့မှာအခွင့်အရေးတွေရှိခဲ့ပြီး အခွင့်အရေးအချို့ကတော့ လွဲချော်ခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ အရှိန်နဲ့တွန်းအားရဖို့ အခွင့်အရေးတစ်ခုရလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အသင်းရဲ့ကစားသမားတွေ ပုံစံကောင်းတွေတောက်လျှောက်ပြသနိုင်ခဲ့ပြီး နိုင်ပွဲတွေလည်း ဆက်တိုက်ရရှိခဲ့ပါတယ်။ အခုချိန်မှာလည်း ဒီလိုလုပ်နိုင်တယ်ဆိုတာကို ယုံကြည်မှုရှိရပါမယ်” လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တန်ဟက်က ယခုပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ဟွိုက်လန်း၊ မက်ဂွါရီနဲ့ ဘစ်ဆာကာတို့ကို ပြန်လည်အသုံးပြုနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အသင်းရဲ့ အဓိကဗဟိုခံစစ်မှူး မက်ဂွါရီက ၂ လလောက်အနားယူခဲ့ရတဲ့အပြင် ခြေစွမ်းတောက်လျှောက်ပြသနေတဲ့ ဟွိုက်လန်းကလည်း ၃ ပွဲလောက်အထိလွဲချော်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ကြားထဲကပွဲစဉ်အချို့မှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဆက်လက်ပြီးတန်ဟက်က “ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ရက်သတ္တပတ်ရှိခဲ့ပါတယ်။ ဟွိုက်လန်း၊ မက်ဂွါရီနဲ့ ဘစ်ဆာကာတို့လည်းပြန်ပါလာတော့မှာဖြစ်ပြီး ဒီအပတ်ထဲမှာသူတို့ လေ့ကျင့်ရေးဆင်းနေကြပါပြီ။ မနက်ဖြန်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ သေချာနေပြီး ကျွန်တော်တို့ဒီပွဲကနေ တွန်းအားယူသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ရက်ရှ်ဖို့ဒ် #အဲရစ်တန်ဟက်