ရှေ့သို့
Image

နယူးကာဆယ်နဲ့ပွဲစဉ်ကို ဒီဘရိုင်း လွဲချော်သွားမယ်လို့ အတည်ပြုလိုက်တဲ့ ဂွါဒီယိုလာ

2:50 PM, 16 March

မန်ချက်စတာစီးတီးဟာ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ယခုအခါမှာတော့ အသင်းနည်းပြ ပက်ဂွါဒီယိုလာက အဆိုပါပွဲစဉ်ကို အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းဟာ ဒဏ်ရာပြဿနာကြောင့်လွဲချော်သွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

မန်စီးတီးဟာ နယူးကာဆယ်ကို အိမ်ကွင်းအီတီဟတ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို ၆ နှစ်ဆက်တိုက် တက်ရောက်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံတွေဟာ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားမပါဝင်ဘဲ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ သက်တောင့်သက်သာအနိုင်ရဖို့တော့ လွယ်ကူမှာမဟုတ်ပါဘူး။

ဒီဘရိုင်းရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက "မနက်ဖြန်ပွဲအတွက် သူအဆင်သင့်မဖြစ်သေးပါဘူး။ သူပြီးခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာလည်း အဆင်သင့်မဖြစ်သေးဘဲ ဝင်ကစားခဲ့တာပါ။ အခုချိန်မှာပိုကောင်းလာပြီဆိုပေမယ့် မနက်ဖြန်ပွဲအတွက်တော့ အဆင်သင့်မဖြစ်သေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးဂွါဒီယိုလာက အိုင်ယာလန်၊ အင်္ဂလန်တို့နဲ့ကစားမယ့် ခြေစမ်းပွဲစဉ်တွေမှာ ဒီဘရိုင်းကို ရွေးချယ်ခြင်းမပြုလုပ်ခဲ့တဲ့ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကိုကျေးဇူးတင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ စပိန်သားက "ကျွန်တော်တို့ ဘယ်လ်ဂျီယံအသင်းနဲ့စကားပြောခဲ့ပြီး သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်။ သူ အပြည့်အဝပြန်မကောင်းသေးပါဘူး။ ရာသီကုန်မှာတော့ ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ဩဂုတ်လက ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့် ၅ လလောက်အထိ အနားယူခဲ့ရတာဖြစ်ပါတယ်။ လာမယ့်မတ်လ ၃၁ ရက်နေ့မှာ‌တော့ ဂွါဒီယိုလာရဲ့အသင်းဟာ အာဆင်နယ်အသင်းနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ဒီဘရိုင်းအနေနဲ့ပြန်လည်ပါဝင်လာနိုင်မလားဆိုတာ မသေချာသေးပါဘူး။

#မန်စီးတီး #ဂွါဒီယိုလာ #ဒီဘရိုင်း #ပရီးမီးယားလိဂ်