ရှေ့သို့
Image

မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံချိန် ရေပန်းစားတဲ့အသင်းဆိုတာ မရှိတော့ဘူးလို့ ပြောဆိုလိုက်တဲ့ အန်ဆယ်လော့တီ

12:42 PM, 16 March

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ ရေပန်းစားနေတဲ့အသင်းဆိုတာ မရှိတော့ဘူးလို့ ပြောဆိုလိုက်ပြီး လက်ရှိချန်ပီယံတွေကိုဖြုတ်ချဖို့ ကြိုးပမ်းမှုအတွက် တွေ့ကြုံရမယ့်စိန်ခေါ်မှုတွေကို သဘောတွေ့နေခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ လိုက်ပ်ဇစ်ကို ၂-၁ ဂိုးဆိုတဲ့ ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ယူလာတဲ့ ရီးရဲလ်မက်ဒရစ်က သောကြာနေ့မဲခွဲမှုအပြီး မန်စီးတီးနဲ့ရင်ဆိုင်ရဖို့ ဖြစ်တည်လာခဲ့ပါတယ်။ ဥရောပထိပ်သီးကလပ်အသင်းနှစ်ခုက လွန်ခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ ရင်ဆိုင်ခဲ့ရဖူးပြီး အပြန်အလှန်အနိုင်ယူကာ နောက်ဆုံးပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ခဲ့တာကို မြင်တွေ့ထားရပါတယ်။

ပရိသတ်အများစုအတွက် သောကြာနေ့ မဲခွဲမှုမတိုင်ခင် မန်စီးတီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အရေးကို ရှောင်ရှားလိုခဲ့ကြပေမယ့် အန်ဆယ်လော့တီကတော့ လက်ရှိချန်ပီယံတွေကို စိန်ခေါ်ရမယ့်အရေးကို လိုလိုလားလားလက်ခံသွားခဲ့ပါတယ်။

အိုဆာဆူနာနဲ့ ရင်ဆိုင်ရမယ့် စနေနေ့လာလီဂါပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အန်ဆယ်လော့တီက "ပြိုင်ပွဲမှာဗိုလ်စွဲချင်ရင် အကောင်းတကာ့အကောင်းဆုံးပြိုင်ဘက်တွေကို ကျော်ဖြတ်သွားနိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ မန်စီးတီးက အကောင်းဆုံးအသင်းလို့ ပြောမယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မန်စီးတီးကို ကျော်ဖြတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ လူတိုင်းမှာတော့ ကိုယ့်အမြင်နဲ့ကိုယ် ရှိကြပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ဒီထိပ်တိုက်တွေ့ဆုံမှုမှာ အလွန်အပေါင်းလက္ခဏာဆောင်ပြီး ရေပန်းစားတဲ့အသင်း မရှိတော့ပါဘူး"လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ချန်ပီယံသရဖူဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီကတော့ လာမယ့်လအတွင်း ထိပ်တိုက်တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွက် ရှုံကြွေးဆပ်နိုင်မယ့် အခွင့်အလမ်းတစ်ခုလို့ မရှုမြင်ထားပါဘူး။

သူက "ဒီနေရာမှာ ရှုံးကြွေးပြန်ဆပ်ရမယ်ဆိုတာမျိုး လုံးဝမရှိပါဘူး။ ဆီမီးဖိုင်နယ်တက်ရောက်နိုင်မယ့် အခွင့်အလမ်းတစ်ခုပဲရှိနေတာပါ၊ ဒီထက်မပိုပါဘူး။ မန်စီးတီးက ကိုယ့်အတွက်ခက်ခဲတဲ့ပြိုင်ဘက်ဆိုတာ မှန်ပေမယ့် ကွာတားဖိုင်နယ်လိုအဆင့်မျိုးမှာ ဒီလိုတွဲဆိုင်းမျိုး အမြဲလိုလိုဖြစ်လာပါလိမ့်မယ်။ အကြောင်းရင်းများစွာကြောင့် ပြီးခဲ့တဲ့ရာသီ၊ ဒုတိယအကျော့ပွဲစဉ် (မန်စီးတီး ၄-၀ ရီးရဲလ်မက်ဒရစ်)က ကောင်းမွန်တဲ့ပွဲစဉ်တစ်ခု မဖြစ်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒီပွဲစဉ်အကြောင်းစဉ်းစားပေးရမယ့် အခိုက်အတန့်တွေ ရှိလာပါဦးမယ်။ ကျွန်တော်တို့ကတော့ မနက်ဖြန်မှာရင်ဆိုင်ရမယ့် အိုဆာဆူနာနဲ့ပွဲစဉ်ကိုပဲ အာရုံစိုက်ထားပါတယ်။ လတ်တလောမှာ ဒီမဲခွဲမှုရလဒ်က ကျွန်တော်တို့အတွက် ကိစ္စသေးသေးလေးပဲ ဖြစ်ပါတယ်"လို့ ဆက်ပြောပါတယ်။

#ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #အန်ဆယ်လော့တီ