ရှေ့သို့
Image

ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့မိတာ မှားတယ်လို့ ဝန်ခံလာတဲ့ လီဗာပူးကြယ်ပွင့်ဟောင်း ဟန်ဒါဆန်

2:59 PM, 15 March

လီဗာပူးအသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်း ဂျော်ဒန်ဟန်ဒါဆန်က ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့မိတာ မှားတယ်လို့ ဝန်ခံပြောကြားလာခဲ့ပြီး ကစားသမားဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်မှာ ၆ လကြာ ကစားခဲ့ပြီး ကွင်းတွင်းကွင်းပြင် ရုန်းကန်မှုတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ဇူလိုင်လမှာ အသက်-၃၃ နှစ် အရွယ် ကစားသမားဟာ အန်ဖီးလ်ကနေ ဆော်ဒီကလပ်သို့ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အရှေ့အလယ်ပိုင်းသို့ ထွက်ခွာတဲ့ ဥရောပနာမည်ကြီးကစားသမားတွေထဲမှ တစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။

သို့သော်လည်း ကွင်းလယ်လူဟာ ဆော်ဒီမြေမှာ မိသားစုနဲ့အဆင်မပြေတဲ့အပြင် ရာသီဥတုအခြေအနေတွေနဲ့ အသားကျဖို့ရုန်းကန်ခဲ့ရတာကြောင့် ကွင်းတွင်းခြေစွမ်းပါ ကျဆင်းလာခဲ့ပြီး စတီဗင်ဂျရတ်ရဲ့အသင်းမှာ ပုံစံကောင်းကိုထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ထို့နောက်မှာတော့ ကစားသမားဟာ ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းအတွက် နေရာဆုံးရှုံးမှာကို စိုးရိမ်ခဲ့တာကြောင့် ဥရောပသို့ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပြီး အေဂျက်စ်အသင်းနဲ့ ၂ နှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပါတယ်။

ကစားသမားဟာ ဆော်ဒီကလပ်မှာ တစ်ပတ်လုပ်ခ ယူရို ၃ သိန်းခွဲအထိရရှိခဲ့သော်လည်း ပြောင်းရွှေ့တာ မှားယွင်းခဲ့ကြောင်းကို “ဘောလုံးက ကျွန်တော့်ရဲ့သွေးထဲမှာ စီးဆင်းနေတယ်ဆိုတာကို အခုမှသိပါတယ်။ ဆော်ဒီလိဂ်က တိုးတက်မှုတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မသင့်တော်ပါဘူး။ ကျွန်တော် အဲဒီကိုသွားတာ အမှားတစ်ခုလုပ်လိုက်တာပါပဲ။ အခုတော့အေဂျက်စ်မှာပျော်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ အေဂျက်စ်ကိုရောက်ရှိပြီး မကြာခင်မှာပဲ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အခုချိန်မှာတော့ နယ်သာလန်ကလပ်အတွက်ပြိုင်ပွဲစုံ ၇ ပွဲအထိ ပါဝင်ယှဉ်ပြိုင်ထားပါတယ်။

ဆက်လက်ပြီး အင်္ဂလန်သားက “အဲဒီတုန်းကတော့ ဆော်ဒီကိုပြောင်းဖို့က ကျွန်တော့်အတွက်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထင်ခဲ့မိပါတယ်။ ဘောလုံးမှာ အပြောင်းအလဲတွေက လျင်လျင်မြန်မြန်ဖြစ်ပေါ်လေ့ရှိပြီး အခုတော့လည်း အေဂျက်စ်ကိုပြောင်းတာက မှန်ကန်တယ်လို့ ထင်နေပါတယ်။ ဘဝမှာအမှားတွေနဲ့ ကြုံတွေ့ရင် သင်ခန်းစာယူရမှာဖြစ်ပြီး ကျွန်တော်ကတော့ ဆော်ဒီနဲ့ပတ်သက်ပြီး အများကြီးသင်ယူခဲ့ရပါတယ်။ ကျွန်တော်အဲဒီမှာ သူငယ်ချင်းတွေရခဲ့ပြီး ပြောစရာစကားတွေရှိခဲ့ပေမယ့် အဆုံးမှာတာ့ နှစ်ဦးနှစ်ဖက်သဘောတူညီချက်နဲ့ လုပ်ချင်တာကို လုပ်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဟန်ဒါဆန်ဟာ ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး လာမယ့်ရက်သတ္တပတ်မှာ ခြေစမ်းပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ကစားမယ့် ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ပွဲစဉ်တွေမှာ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ အဆိုပါပွဲစဉ်တွေအပြီးမှာတော့ ဟန်ဒါဆန်ရဲ့အေဂျက်စ်အသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ဂျော်ဒန်ဟန်ဒါဆန် #ဆော်ဒီ