ရှေ့သို့
Image

ပါရီအိုလံပစ်မှာ အမ်ဘာပေ ပါဝင်ကစားမယ့် အလားအလာအပေါ် သံသယရှိနေတဲ့ ဒက်စ်ချမ့်စ်

1:02 PM, 15 March

ပြင်သစ်လက်ရွေးစင် အသင်းနည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က အခုနှစ်၊ ပါရီအိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံ့ကိုယ်စားပြုအဖြစ် အမ်ဘာပေ ပါဝင်ကစားမယ့် အလားအလာအပေါ် သံသယနဲ့ ချဉ်းကပ်ခဲ့ပြီး ယူရို-၂၀၂၄ အပြီး ဆက်တိုက်ဆိုသလို ပွဲစဉ်တွေယှဉ်ပြိုင်ကစားဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

“လာမယ့်နွေရာသီမှာ အားလပ်ရက်မယူဘဲ ပြိုင်ပွဲတစ်ခုမှတစ်ခုဆီ ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်သွားဖို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာရှုထောင့်အရရော၊ စိတ်ပိုင်းဆိုင်ရာရှုထောင့်အရပါ အလွန်ခက်ခဲစေပါလိမ့်မယ်”လို့ ဒက်စ်ချမ့်စ်က ယမန်နေ့မှာ အတိအလင်းပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြင်သစ်လက်ရွေးစင်အသင်းနည်းပြက ယူရိုပြိုင်ပွဲဝင်အသင်း လူစာရင်းရှိအချို့ကစားသမားတွေဟာ အွန်နရီရွေးချယ်မယ့် အိုလံပစ်အသင်းမှာ ပါဝင်လာနိုင်တယ်လို့ အတည်ပြုပေးပါတယ်။ ဒါပေမယ့် ဒက်စ်ချမ့်စ်က ယူရိုပြိုင်ပွဲကသာ ဦးစားပေးပြိုင်ပွဲဖြစ်ပြီး ဇွန် ၁၄ ရက်မှာစတင်မယ့် တိုက်အလိုက်ချန်ပီယံရှစ်ပြိုင်ပွဲကြီး မတိုင်ခင် အိုလံပစ်အတွက် ရွေးချယ်ခံရနိုင်ဖွယ်ရှိတဲ့ ကစားသမားတွေအကြောင်း သိရှိထားရန် လိုအပ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ပြင်ဆင်မှုကို အနှောင့်အယှက်မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ကလဲယားရင့်ဖောင်တိန်းမှာ ပြင်ဆင်ရမယ့် ကျွန်တော်တို့ရဲ့လေ့ကျင့်မှုအတွက် ဘယ်သူတွေပါဝင်ခွင့်ရမယ်၊ ဘယ်သူတွေတော့ ပါဝင်ခွင့်မရှိဘူးလဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားရဖို့တော့ လိုအပ်ပါတယ်”လို့ ဒက်စ်ချမ့်စ်က ဆိုပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်၊ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေကလည်း အိုလံပစ်ပြိုင်ပွဲမှာ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဂရစ်ဇ်မန်းနဲ့အတူ နိုင်ငံ့ကိုယ်စားပြုခွင့်ရရှိရန် အလွန်စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံမှာကျင်းပမယ့် ယူရိုပြိုင်ပွဲကြီးက ဇူလိုင် ၁၄ ရက်မတိုင်ခင် ပြီးဆုံးသွားမယ့် အလားအလာမရှိဘဲ အိုလံပစ်ပြိုင်ပွဲရဲ့ ဘောလုံးပွဲစဉ်တွေကိုတော့ ဇူလိုင် ၂၄ ရက်မှာ စတင်သွားပါမယ်။

ဒါကြောင့် ပြင်သစ်အသင်းသာ ယူရိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်မယ်ဆိုရင် ပြိုင်ပွဲနှစ်ခုအကြား ကစားသမားတွေအနေဖြင့် အားလပ်ရက်မရရှိနိုင်ပါဘူး။ အိုလံပစ်ပြိုင်ပွဲရဲ့အမျိုးသားဘောလုံးပွဲစဉ်တွေကို အသက်-၂၃ နှစ်အောက် ကစားသမားတွေသာ ပါဝင်ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပေမယ့် သက်တမ်းလွန်ကစားသမားသုံးဦးအထိ ထည့်သွင်းယှဉ်ပြိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။

ဒါပေမယ့် ဖီဖာဘက်ကလည်း ကလပ်အသင်းတွေအပေါ် အိုလံပစ်ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ရန် စည်းမျဉ်းသတ်မှတ်ထားခြင်းမရှိလို့ အမ်ဘာပေရဲ့အခြေအနေက အခုထက်ပင် ရှုပ်ထွေးသွားနိုင်ပါတယ်။ အခုရာသီကုန်၊ ပီအက်စ်ဂျီမှထွက်ခွာမယ့် အမ်ဘာပေက ကလပ်အသင်းမဲ့ကစားသမားဖြစ်လာပြီး ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်နေပါတယ်။

သူ့ရဲ့ကလပ်အသင်းသစ်ဘက်ကလည်း ရာသီသစ်မစတင်ခင် အားလပ်ရက်ကာလအတွင်း အိုလံပစ်ပြိုင်ပွဲဝင်ရောက်နေမယ့် အမ်ဘာပေရဲ့အခြေအနေကို ကြိုက်နှစ်သက်နိုင်စရာ မရှိပါဘူး။ အိုလံပစ်ရဲ့ ဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို သြဂုတ် ၉ ရက်မှာ ကျင်းပသွားဖွယ် ရှိပါတယ်။

ပြင်သစ်ဂန္တဝင်အွန်နရီက လက်ရှိမှာ ယူ-၂၁ လက်ရွေးစင်အသင်းကို တာဝန်ယူထားပြီး အိုလံပစ်ပြိုင်ပွဲဝင် အသင်းကို ကြီးကြပ်သွားပါလိမ့်မယ်။ ပြင်သစ်အိုလံပစ်အသင်းမှာ အမ်ဘာပေပါဝင်လာနိုင်မယ့်အလားအလာတွေ အကုန်လုံးက နည်းပြအပေါ် မူတည်မှုမရှိပါဘူးလို့ အွန်နရီက ဆိုပါတယ်။

အွန်နရီက “ကျွန်တော်ဆီမှာ ဘာအာမခံချက်မှ မရှိပါဘူး။ ကျွန်တော့်အတွက်ဆိုရင် ကလပ်အသင်းတစ်ခုဆီက ခွင့်ပြုချက်ရရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကလပ်အသင်းဆီက ခွင့်ပြုချက်ရတယ်ဆိုရင်တောင် ဒီကြားထဲမှာ နည်းပြ ပြောင်းသွားရင် ဒီအသင်းမှာ အမ်ဘာပေပါဝင်လိမ့်မယ်လို့ ဘယ်သူအာမခံနိုင်ဦးမှာလဲ?” လို့ ပြောပါတယ်။

#ပြင်သစ် #ဒက်စ်ချမ့် #အမ်ဘာပေ