ရှေ့သို့
Image

သူရမ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သဘောကျနေတဲ့ စတီဖန်ဆာဗစ်

8:14 AM, 15 March

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲအဖြစ် အင်တာမီလန်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူရမ်ပြုလုပ်ခဲ့တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဆာဗစ်က သဘောကျနေသလို အဲ့တာက အရေးမကြီးဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပထမအကျော့တုန်းက ၁-၀ နဲ့ အရေးနိမ့်ခဲ့သလို ဒုတိယအကျော့မှာလည်း ဒီမာကိုရဲ့ကန်ချက်နဲ့ အင်တာမီလန်က ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တီကိုက ဂရစ်ဇ်မန်း ၊ ဒီပေးတို့ရဲ့ဂိုးတွေနဲ့ပြန်လာနိုင်ခဲ့ပြီး မိနစ် ၁၂၀ ပြီးတဲ့အထိ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

အဲ့နောက် ပင်နယ်တီအဆုံးအဖြတ်မှာ တီကိုဂိုးသမား အော့ဘလက်ရဲ့လက်စွမ်းပြမှုနဲ့အတူ ဆန်းချက်ဇ် ၊ ကလာဆန်တို့ရဲ့ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပြီး မာတီနက်ဇ်ရဲ့ကန်ချက်ကလည်း ဂိုးဘားပေါ်ကျော်တက်ခဲ့တာဖြစ်ပါတယ်။ အော့ဘလက်ရဲ့လက်စွမ်းနဲ့အတူ တီကိုဟာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ တီကိုနောက်ခံလူ ဆာဗစ်တစ်ယောက် အင်တာတိုက်စစ်မှူး သူရမ်ရဲ့ ဝှေးစေ့ညှစ်ခြင်းကိုခံခဲ့ရပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ “အဲ့တာက ထူးဆန်းတဲ့အခြေအနေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲ့တာနဲ့အသားမကျသေးတာကြောင့်ပါ။ ဒါပေမယ့် အဆင်ပြေပါတယ်။ အဲ့တာက ပွဲအတွင်းမှာ ဖြစ်ပျက်နိုင်ပါတယ်။ အဲ့ဖြစ်ရပ်အပြီးမှာ ကျွန်တော်တို့ ရယ်မောခဲ့ကြပါသေးတယ်။ အဲ့တာက ထူးဆန်းတဲ့အခြေအနေပါ။ ဒါပေမယ့် အရေးမကြီးပါဘူး။ တကယ့်အံ့ဖွယ်ညပါ။ ကျွန်တော်တို့အိပ်မက်မက်ခဲ့တဲ့ညပါ။ ကျွန်တော် ဒီနေ့ကွင်းထဲမှာမရှိခဲ့ရင်တောင် ပွဲကြည့်စင်ကနေ ကြည့်နေမှာပါ။ တကယ့်ကြီးမားတဲ့ပွဲပါ။ ချန်ပီယံလိဂ်ဖိုင်နယ်လိုပါပဲ။ အဲ့တာက အံ့ဖွယ်ပါ။ ဒီပွဲကိုအနိုင်ကန်နိုင်ခဲ့လို့ ကျွန်တော်အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ခက်ခဲတဲ့အခြေအနေဖြစ်ခဲ့တာကြောင့်ပါ။ ဘယ်သူမှမယုံကြည်ပေမယ့် ကျွန်တော်တို့ပရိသတ်တွေ နဲ့ အသင်းက ယုံကြည်ပါတယ်”

“ကျွန်တော်တို့ အဆုံးသတ်မတိုင်ခင်အထိ တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ သိသလို ရှည်ကြာမယ့်ပွဲတစ်ပွဲဆိုတာလည်း သိပါတယ်။ နည်းပြကလည်း ပွဲမတိုင်ခင် သေချာလေးပြင်ဆင်ဖို့ အဆင်သင့်ဖြစ်နေဖို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ရှည်ကြာတဲ့ညဖြစ်မယ်ဆိုတာ သိလို့ပါ။ ဒီညမှာ ကောင်လေးတွေက တူညီတဲ့စိတ်ဓာတ် နဲ့ ရဲရင့်မှုကိုပြသနိုင်ခဲ့ပါတယ်။ ကောင်လေးအတွက် အရမ်းပျော်ပါတယ်။ အဝေးကွင်းနဲ့အိမ်ကွင်းဆိုတာ အရမ်းထူးဆန်းပါတယ်။ ဘာကြောင့်လဲမသိပေမယ့် ပရိသတ်ဖိအားကြောင့်ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သေချာပြောနိုင်တာက အဲ့တာတိုးတက်လာဖို့ နောက်မကျသေးဘူးဆိုတာပါပဲ။ ကျွန်တော်တို့ အလုပ်ကြိုးစားဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက ဝေဖန်မှုတွေအများကြီးရခဲ့တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အလုပ်ကြိုးစားသွားမှာပါ။ ကွာတားဖိုင်နယ်မှာက ပြိုင်ဘက်တိုင်း ခက်ခဲမယ်ဆိုတာ သိပါတယ်”လို့ ဆာဗစ်က ပြောကြားခဲ့ပါတယ်။

#အင်တာမီလန် #ချန်ပီယံလိဂ် #သူရမ် #ဆာဗစ်