ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်ကို ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့အသင့်ရှိနေတဲ့ ပီအက်စ်ဂျီ

3:55 PM, 14 March

ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် အသင်းရဲ့တိုက်စစ်မှူး ကီလီယန်အမ်ဘာပေနေရာမှာ အစားထိုးရန်အတွက် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကက်ရက်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားနေပြီး ပေါင် ၇၅ သန်းနဲ့ကမ်းလှမ်းဖို့အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။ လီဂူးဝမ်းချန်ပီယံတွေဟာ မကြာသေးမီရာသီတွေကတည်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေခဲ့ပေမယ့် ယူနိုက်တက်က ကစားသမားကို စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် ခေါ်ယူနိုင်မယ့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအထိရနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ခြေစွမ်းပြဖို့ရုန်းကန်နေရတာကြောင့် ယူနိုက်တက်ဘက်က ကစားသမားကို စွန့်လွှတ်ဖို့စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်ရဲ့ မသေချာမရေရာတဲ့ အခြေအနေတွေကို ပီအက်စ်ဂျီက အကောင်းဆုံး အသုံးချတော့မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

ဒီရာသီမှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲကစားပြီး ၇ ဂိုးသာ သွင်းယူထားနိုင်တဲ့အပြင် အသင်းနည်းပြအဲရစ်တန်ဟက်နဲ့လည်း စည်းကမ်းပိုင်းပြဿနာတက်ပြီး အရေးယူခံထားရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိသတင်းထွက်ပေါ်နေတဲ့ ပီအက်စ်ဂျီဘက်က  ကမ်းလှမ်းလာနိုင်တဲ့ ပေါင် ၇၅ သန်းဆိုတဲ့ တန်ကြေးဟာ သင့်တင့်တယ်လို့ယူဆရပေမယ့် ယူနိုက်တက်ဘက်ကတော့ သူတို့ရဲ့အကယ်ဒမီထွက်ကစားသမားကို ပေါင်သန်း ၁၀၀ ဝန်းကျင်လောက်ရမှသာ သဘောတူသွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ကစားသမားသစ်ခေါ်ယူဖို့အတွက်ဆိုရင်လည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိစွန်းလာဖို့အလားအလာရှိနေတာကြောင့် ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်လိုက်မယ်ဆိုရင်တော့ အသားတင်အမြတ်ငွေ အများအပြားရရှိလာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဂျီ #ရက်ရှ်ဖို့ဒ်