ရှေ့သို့
Image

အာဆင်နယ်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုတော့မယ့် နောက်ခံလူ ဘန်ဝှိုက်

3:39 PM, 14 March

အာဆင်နယ်အသင်းဟာ လအတော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ထားတဲ့ အသင်းရဲ့နောက်ခံလူ ဘန်ဝှိုက်ကို ကာလရှည်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ ၂၀၂၁ ခုနှစ်နွေရာသီမှာ အာဆင်နယ်သို့ ပေါင်သန်း ၅၀ နဲ့ စတင်ရောက်ရှိလာပြီး ထိုအချိန်ကတည်းက အသင်းနည်းပြ အာတီတာရဲ့လက်စွဲတော်ကစားသမားတစ်ဦးအဖြစ် ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာလည်း ဘန်ဝှိုက်ဟာ အာဆင်နယ်အတွက် ပွဲတိုင်းလိုလိုမှာ ပါဝင်ကစားထားနိုင်ပြီး ပြိုင်ပွဲစုံ စုစုပေါင်း ၃၉ ပွဲအထိ ကစားခွင့်ရထားတာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ဆွတ်ခူးရေး လမ်းကြောင်းမှာလည်း ကစားသမားဟာ အရေးပါတဲ့ ကဏ္ဍကနေ ထောက်ပံ့ပေးထားနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် ယခုအခါမှာတော့ အက်သလက်တစ်သတင်းစာရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကို ပိုမိုကောင်းမွန်တဲ့ ကာလရှည်စာချုပ်တစ်ရပ်ချုပ်ဆိုလိုက်ပြီလို့သိရပါတယ်။ ကစားသမားရဲ့ လက်ရှိစာချုပ်က ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ကိုတော့ ဒီအပတ်ကုန်လောက်မှာ တရားဝင်ကြေညာသွားဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းက ဝှိုက်ကိုစာချုပ် ချုပ်ဆိုဖို့အတွက် ကာလရှည်ဆွေးနွေးညှိနှိုင်းနေခဲ့ပြီး အခုချိန်မှာတော့ အောင်အောင်မြင်မြင်ညှိနှိုင်းနိုင်ခဲ့ပုံပေါ်ပါတယ်။ ဘရိုက်တန်မှာ ဗဟိုခံစစ်ကစားသမားအဖြစ်ကစားခဲ့ရတဲ့ အင်္ဂလန်သားဟာ အာဆင်နယ်ရဲ့ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ဝီလီယံဆာလီဘာ၊ ဂါဘရီရယ်တို့နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ညာနောက်ခံနေရာမှာ ပြောင်းလဲကစားနေတာဖြစ်ပါတယ်။

ရာသီအစောပိုင်း ဝှိုက်ရဲ့ စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ အာတီတာက “ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ်အသင်းရဲ့ ကစားပုံကောင်းကိုထိန်းသိမ်းဖို့အတွက် ဘာမဆိုလုပ်သွားမှာဖြစ်ပြီး ကလပ်နဲ့ ဝန်ထမ်းတွေကလည်း ဒါကိုပဲလုပ်ဆောင်နေကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အာတီတာရဲ့အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် ခဏတာအနားရနေမှာဖြစ်ပြီး လာမယ့် မတ်လ ၃၁ ရက်နေ့မှာတော့ မန်စီးတီးကို အီတီဟတ်မှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်လိုတယ်ဆိုရင်တော့ ရလဒ်ကောင်းကို ပုံဖော်နိုင်ဖို့ လိုအပ်နေပါတယ်။

#အာဆင်နယ် #ဘန်ဝှိုက် #ပရီးမီးယားလိဂ်