ရှေ့သို့
Image

အင်တာကို အနိုင်ယူတဲ့ပွဲစဉ်မှာ အသင်းအတွက် ဟီရိုးဖြစ်လာရလို့ ကျေနပ်အားရနေတဲ့ ဂိုးသမား အော့ဘလက်ခ်

11:08 AM, 14 March

အင်တာမီလန်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်လာနိုင်တဲ့ အက်သလက်တီကိုမက်ဒရစ်ရဲ့ဟီးရိုးတစ်ဦးဖြစ်လာလို့ ဂိုးသမားအော့ဘလက်ခ် ပျော်ရွှင်ကျေနပ်နေပါတယ်။

အင်တာမီလန်အတွက် ပထမအကျော့ရလဒ်ပိုင်းအသာရထားမှုနဲ့အတူ ဒီမာကိုရဲ့ အခုပွဲစဉ်အဖွင့်ဂိုးကို ဂရစ်ဇ်မန်းနဲ့ ဒီပေးတို့က ပြန်လည်ချေဖျက်ခဲ့ပြီးနောက် အော့ဘလက်ခ်က ပယ်နယ်တီ အဆုံးအဖြတ်မှာ ကာကွယ်မှုနှစ်ကြိမ်ပြုလုပ်ကာ မက်ဒရစ်အခြေစိုက်ကလပ်ကို နောက်တစ်ဆင့်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ပွဲပြီးချိန်မှာတော့ အသက်-၃၁ နှစ်အရွယ် ဂိုးသမားက သူ့ရဲ့အပြုံးတွေကို မကွယ်ဝှက်ထားဘဲ စပိန်နိုင်ငံရဲ့မြို့တော်မှာ ပိုင်ဆိုင်ခဲ့ရတဲ့ ထူးခြားတဲ့တစ်ညတာကာလအကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

TNT Sports  သတင်းဌာနနဲ့တွေ့ဆုံချိန် အော့ဘလက်ခ်က “အံ့အားသင့်စရာ ညချမ်းတစ်ခုပါ။ နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းရတာ အမြဲတမ်းလိုလို ပျော်ဖို့ကောင်းလို့ အခုအချိန်မှာ အသင်းအတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ပြီးခဲ့တဲ့လအတွင်း ကျွန်တော်တို့မှာ အကောင်းဆုံး ပုံစံမရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့က ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို အများကြီးပြသနိုင်ခဲ့ပါတယ်။ ဒီအတိုင်း ရှေ့ဆက်သွားနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ဆီမြွန်နီရဲ့အသင်းက အခုရာသီ၊ အဝေးကွင်းပွဲစဉ်တွေမှာ ရုန်းကန်ရတဲ့ အစဉ်အလာကို ပိုင်ဆိုင်ထားပြီး အင်တာမီလန်အိမ်ကွင်းပွဲစဉ်မှာလည်း ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အော့ဘလက်ခ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့နောက်ဆုံး အဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ရချိန်မှာ အသင်းရဲ့အဝေးကွင်းစွမ်းဆောင်ရည်ပိုင်း တိုးတက်လာစေဖို့ မျှော်လင့်နေပါတယ်။

အော့ဘလက်ခ်က “ဒါကို ဘယ်သူမှနားမလည်နိုင်ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အခုလိုမျိုးတွေ ဘာကြောင့်ဖြစ်နေလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့အားလုံးက အိမ်ကွင်းမှာပဲ ကစားရမှာ မဟုတ်ပါဘူး။ လာလီဂါအဝေးကွင်းပွဲစဉ်တွေမှာလည်း ကျွန်တော်တို့ ရမှတ်ဆုံးရှုံးခဲ့ကြပါတယ်။ ချန်ပီယံလိဂ်မှာလည်း အင်တာမီလန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာ ပြန်အနိုင်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားခဲ့ပါတယ်။ ပယ်နယ်တီ အဆုံးအဖြတ်ဆိုတာကတော့ ထီထိုးသလိုပဲလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားတိုင်းက ရုပ်သံမှတ်တမ်းတွေကြည့်ပြီး ပြင်ဆင်မှုတွေလုပ်နိုင်ပေမယ့် အချိန်အများစုမှာ ကစားသမားတိုင်းက မိမိအတွေးကို အပြောင်းအလဲလုပ်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်ပါတယ်။ ဒီနေ့မှာတော့ ကံကောင်းစွာနဲ့ ကျွန်တော် ပယ်နယ်တီကန်သွင်းမှုနှစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော် ပျော်ရွှင်ရပါတယ်။ ပယ်နယ်တီကာကွယ်ရတယ်ဆိုတာ မလွယ်ပါဘူး။ ပြင်ပမှကြည့်မယ်ဆိုရင်တော့ ဒါကို မြင်ကောင်းမြင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဂိုးပေါက်က ကြီးမားလွန်းတာကြောင့် မလွယ်ကူတာတော့ အမှန်ပါပဲ။ တခါတရံ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်လိုက်နိုင်မယ်ဆိုရင် သိပ်အရေးမကြီးတော့ပါဘူး”လို့ ဆက်ပြောပါတယ်။

#စီးရီးအေ #အင်တာမီလန် #အော့ဘလတ်