ရှေ့သို့
Image

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အသင်းနှစ်ခုနဲ့ အာဆင်နယ်ကို ထပ်တိုက်မတွေ့စေလိုဘူးလို့ ပြောပြလာတဲ့ အွန်နရီ

10:40 AM, 14 March

လာမယ့်သောကြာနေ့၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှုမစတင်ခင် အွန်နရီက အခုရာသီ၊ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးအဖြစ် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ရွေးချယ်လိုက်ပါတယ်။

အာတီတာရဲ့အသင်းက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပေါ်တိုကို ပယ်နယ်တီဖြင့် အနိုင်ယူပြီးနောက် ချန်ပီယံလိဂ်နောက်ဆုံးရှစ်သင်း စာရင်းဆီ ရောက်ရှိလာခဲ့တာပါ။ အာဆင်နယ်က သောကြာနေ့၊ မဲခွဲမှုအခမ်းအနားအတွက် မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ ပီအက်စ်ဂျီတို့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။

အွန်နရီကတော့ ပြိုင်ပွဲရဲ့အခုလိုအဆင့်မျိုးမှာ လွယ်ကူတဲ့ပြိုင်ဘက်ဆိုတာ မရှိဘူးလို့ ယုံကြည်ထားပြီး မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကတော့ အာဆင်နယ်အတွက် အခက်ခဲဆုံးစမ်းသပ်မှုတွေ ဖြစ်လာမယ်လို့ သုံးသပ်လိုက်ပါတယ်။

CBS Sports ရဲ့ဆွေးနွေးခန်းအစီအစဉ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှုမှာ ဒေါ့မွန်ကို အားအနည်းဆုံးပြိုင်ဘက်အဖြစ် ရှုမြင်ထားသလားဆိုတဲ့ မေးခွန်းကို အွန်နရီက “ဒီလိုအဆင့်မဲခွဲမှုမျိုးဆီ ကျွန်တော်ကိုယ်တိုင် ကစားသမားဘဝမှာ အခြေအနေနှစ်မျိုးနှစ်စားနဲ့ ရောက်ရှိခဲ့ဖူးပါတယ်။ ဘယ်သူမှ ရင်မဆိုင်ချင်လောက်အောင် စွမ်းဆောင်ထားနိုင်တဲ့ အာဆင်နယ်အသင်းနဲ့အတူ ဒီအဆင့်မျိုးဆီ ရောက်ရှိလာခဲ့ဖူးပြီး ကျွန်တော်တို့တွေ ရှေ့ခရီးတောင် မဆက်နိုင်ခဲ့ပါဘူး။ ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ရောက်ရှိခဲ့ဖူးတဲ့ အာဆင်နယ်အသင်းကလည်း ကျွန်တော့်ကစားသမားဘ၀ စုဖွဲ့မှုအကောင်းဆုံးအသင်း မဟုတ်ပြန်ပါဘူး။ ကျွန်တော်မှတ်မိပါသေးတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရဖို့ မဲခွဲပြီးချိန် လူတိုင်းက ရယ်မောပြီး အာဆင်နယ်ကို ကြိုက်သလိုလုပ်လို့ရတယ်ကွလို့ ပြောကြပါတယ်”

“ဂျူဗင်တပ်စ်နဲ့တွေ့ပြန်တော့လည်း ဂျူဗင်တပ်စ်အတွက် အရမ်းကောင်းတဲ့ မဲခွဲမှုရလဒ်ပဲဟေ့လို့ ဆိုကြပြန်ပါတယ်။ အဲ့ဒီအချိန်တုန်းက အကောင်းဆုံးပုံစံရနေတဲ့ ဗီလာရီးရဲလ်နဲ့လည်း ကစားခဲ့ရပါတယ်။ လူတွေကပဲ အာဆင်နယ်နဲ့ကစားရတာ သက်သာတာပေါ့လို့ ပြောကြပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့တွေ ဗိုလ်လုပွဲတက်ခဲ့ပြီး အနိုင်မရရှိခဲ့ပါဘူး။ ကျွန်တော်ပြောချင်တဲ့အချက်ကတော့ ဥရောပအဆင့်မှာ ဘယ်ပြိုင်ဘက်ကိုမဆို အလေးမထားတာမျိုး မလုပ်မိစေဖို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ခြေစွာနေတဲ့ အသင်းနှစ်ခုရှိပါတယ်။ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဆိုတာ ရှင်းပါတယ်”

“အခြားအသင်းတွေကတော့ ဘယ်အသင်းနဲ့မဆို ကန်လို့ရပါတယ်။ ကျွန်တော့်အတွက်တော့ မန်စီးတီးကို အနိုင်ယူဖို့ဆိုတာ ခက်ခဲနေတုန်းပါပဲ။ ပက်ဂွါဒီယိုလာအကြောင်း ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဒီနေရာမှာ သူ ဆုဖလားတွေကို ဘယ်လိုရယူသလဲဆိုတာ ဆွေးနွေးနေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်ကတော့ မန်စီးတီးကို ဒီအဆင့်မှာ ဖယ်ထုတ်ထားချင်ပါတယ်။ ကစားသမားဘဝမှာ လွယ်ကူတဲ့ပြိုင်ဘက်နဲ့တွေ့ဆုံတယ်လို့ အများက ယူဆခဲ့တဲ့ အခိုက်အတန့်တွေ အများကြီးနဲ့ ကျွန်တော်ကြုံခဲ့ဖူးပါတယ်။ တကယ်တော့ ထင်သလိုမဟုတ်ပါဘူး။ လူတွေကတော့ လွယ်လွယ်ကူကူအနိုင်ရသွားလိမ့်မယ်လို့ တွေးခဲ့ကြတာပေါ့။ မဟုတ်ပါဘူး၊ အဲ့ဒီလိုမျိုး လုံးဝမဟုတ်ပါဘူး။ ဒါကြောင့် ဒီနှစ်ချန်ပီယံဆုအတွက်ပြောရမယ်ဆိုရင် မန်စီးတီး၊ ပြီးရင် ရီးရဲလ်မက်ဒရစ်ပေါ့။ ရီးရဲလ်မက်ဒရစ်ဆိုရင်လည်း ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်လောက်ရရှိခဲ့ဖူးတယ်ဆိုတာ ကျွန်တော်တို့အားလုံး အသိပါ။ ဒါကလွဲလို့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

#အာဆင်နယ် #ချန်ပီယံလိဂ် #အွန်နရီ