ရှေ့သို့
Image

ဂန္တဝင်မြောက်ကစားသမားဘဝတလျှောက် အကြိုက်ဆုံးပွဲစဉ်ကို ထုတ်ပြောလာတဲ့ အင်နီယေစတာ

4:46 PM, 13 March

စပိန်လက်ရွေးစင်ဟောင်း အင်နီယေစတာက ဘဝကိုပြောင်းလဲသွားစေတဲ့ ပွဲစဉ်တစ်ခုအဖြစ် ပရိုကစားသမားဘ၀ ပွဲ ၁၀၀၀ ကျော်ကစားခဲ့တဲ့ ဂန္တဝင်မြောက်ခရီးလမ်းမှာ အကြိုက်ဆုံးပွဲစဉ်တစ်ခု အကြောင်းကို ထုတ်ဖော်ပြောပြလာပါတယ်။

အမှတ်ရစရာပွဲစဉ်များစွာနဲ့အတူ ဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုကျော်ဖြတ်ကာ ကမ္ဘာ့ဖလားချန်ပီယံဆု အပါအဝင် ဆုဖလား ၃၁ လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်သားက ဘာစီလိုနာကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ဘရုဂျက်နဲ့ရင်ဆိုင်ရတဲ့ အဝေးကွင်းပွဲစဉ်ကို သူ့ရဲ့အကြိုက်ဆုံးပွဲစဉ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ကတ္တလန်သားတွေက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အင်နီယေစတာကိုယ်တိုင် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။

ESPN သတင်းဌာနနဲ့တွေ့ဆုံစဉ် အင်နီယေစတာက “ပွဲဦးထွက်ပါ။ အဲ့ဒါက ကျွန်တော့်အတွက် အခိုက်အတန့်လေးတစ်ခု ဖြစ်ပါတယ်။ ဖိုင်နယ်တွေ၊ ဆီမီးဖိုင်နယ်တွေနဲ့ ဆုဖလားတွေ ရှိခဲ့တာမှန်ပေမယ့် ဒီပွဲစဉ်က ကျွန်တော့်ရဲ့ အပျော်ရွှင်ရဆုံးအခိုက်အတန့်ဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အဖေနဲ့အတူ ကျောက်စရစ်ကွင်းတွေမှာကစားရင်း ဘောလုံးသမားတစ်ဦးဖြစ်လာဖို့ စိတ်ကူးထားခဲ့ပါတယ်။ ဘောလုံးသမားတစ်ဦးဖြစ်လာချိန်မှာ ကျွန်တော် ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ဖြစ်လာသမျှအရာရာတိုင်းက အကြောင်းရင်းများစွာရဲ့အကျိုးဆက်ဖြစ်ပေမယ့် အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ပွဲဦးထွက်ကစားရတဲ့နေ့ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် အနှစ်သာရအားဖြင့် အတူတူပါပဲ။ ဒီနောက်မှာတော့ အမြင့်ဆုံးအဆင့်အတန်းတစ်ခုမှာ ကစားခွင့်ရဖို့ အလုပ်တစ်ခုတည်းကို အချိန်အကြာကြီး လုပ်နေရပါတယ်။ အလုပ်တွေ အလွန်ကြိုးစားရသလို စွန့်လွှတ်ပေးဆပ်ရမှုတွေလည်း ကြီးကြီးမားမားရှိခဲ့ပါတယ်။ အဆုံးမရှိအောင် လုပ်ခဲ့ရပါတယ်”လို့ ပြောပါတယ်။

အင်နီယေစတာက ချန်ပီယံဆုတိုက်ပွဲတွေနဲ့ အယ်လ်ကလက်စီကိုပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ဖူးပြီး သူရဲ့စိတ်ကြိုက်အဖြစ်ဆုံးပွဲစဉ်ကို ရွေးချယ်ခိုင်းချိန်မှာတော့ အံ့အားသင့်နေခြင်း အလျှဉ်းမရှိခဲ့ပါဘူး။ ဒီနောက်မှာတော့ ကွင်းလယ်လူက သူ့ရဲ့မှတ်ဉာဏ်ထဲမှာရှိနေတဲ့ လက်တစ်ဆုပ်စာပွဲစဉ်တချို့ကို ရွေးချယ်ကောက်နုတ်ကာ အဆုံးသတ်လိုက်ပါတယ်။

“ပွဲစဉ်တွေကတော့ အများကြီးပါ။ ကျွန်တော့်ရဲ့ဦးနှောဏ်ထဲမှာရှိနေတဲ့ ထိပ်ဆုံးပွဲစဉ်အကြောင်း ပြောရရင် ဥမာအားဖြင့် နူးကမ့်ကွင်းမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာနဲ့ ဆီဗီလာတို့ ပွဲစဉ်ပေါ့။ ကျွန်တော်ရဲ့ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့သလို ခမ်းနားကြီးကျယ်တဲ့ပွဲစဉ်တစ်ခုကိုလည်း ကစားခဲ့ရပါတယ်။ ဆီဗီလာနဲ့ပဲရင်ဆိုင်ရတဲ့ နောက်ဆုံး ကိုပါဒယ်လ်ရေးဖလား ဗိုလ်လုပွဲကလည်း အလားတူပါပဲ။ ဒါက ဗိုလ်လုပွဲတစ်ခုဖြစ်ပေမယ့် ကျွန်တော့်ရဲ့ဘာစီလိုနာ ကစားသမားဘဝနောက်ဆုံးဖလား ပွဲစဉ်တစ်ခုဖြစ်လို့ ပါဝင်ကစားခွင့်ရချင်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာတော့ ကျွန်တော်ရဲ့ခွန်အားတွေနဲ့ပတ်သက်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိခဲ့ပြီး ကွင်းတွင်းနေရာစုံမှာ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ခံစားချက်မျိုး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါကလည်း ကျွန်တော်မှတ်မိသလောက် ဘာစီလိုနာကစားသမားဘ၀ အကောင်းဆုံးပွဲစဉ်တွေအနက် တစ်ခု ဖြစ်ပါတယ်”

“ဆက်သွားရမယ်ဆိုရင် ဒုတိယမြောက်ရင်သွေးမွေးဖွားပြီးချိန် ၂၀၁၅ ခုနှစ်၊ ဘာနေဗျူးမှာ လေးဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်လည်း ပါဝင်လာပါလိမ့်မယ်။ ဘာနေဗျူးမှာပဲ ၂-၃ ဂိုးနဲ့ နိုင်တဲ့ပွဲလည်း ရှိပါသေးတယ်။ ရီကတ်လက်အောက် နောက်ဆုံးကာလတွေမှာ အရမ်းကောင်းနေတာမျိုး မဟုတ်ပေမယ့် ပွဲထွက်ခွင့်ပိုမိုရရှိခဲ့လို့ ကျွန်တော် ကောင်းကောင်းမှတ်မိနေပါသေးတယ်။ ကျွန်တော်ဘာပြောရမလဲ? ရက်စက်လွန်းတာပေါ့။ အိုးထရက်ဖို့ဒ်မှာ ကျွန်တော်ရဲ့သွင်းဂိုးနဲ့ အင်္ဂလန်ကို စပိန်က အနိုင်ယူခဲ့တာ အမှတ်ရမိနေပါတယ်။ ကျွန်တော့်ရဲ့လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဂိုးပေါ့။ ဒီပွဲစဉ်က အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှစပြီး ကျွန်တော်တို့တွေ ရှုံးပွဲမရှိခဲ့ပါဘူး။ အီတလီကို ယူရို-၂၀၀၈ မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူချိန်မှာတော့ အရာရာတိုင်းက ပြောင်းလဲသွားခဲ့ပါတယ်”လို့ ပြောပါတယ်။

အင်နီယေစတာက ယူအေအီးပြည်တွင်းကလပ်အသင်းဖြစ်တဲ့ အမ်းမရိတ်စ်မှာ ပရိုကစားသမားဘဝပွဲစဉ် ၁၀၀၀ ပြည့်မြောက်အောင် လတ်တလောကာလတွေအတွင်း ကစားခဲ့ပြီးပါပြီ။ သူက လက်ရွေးစင်အဆင့်သွင်းဂိုး ၁၄ ဂိုးအပါအဝင် ၁၀၄ ဂိုးအထိ သွင်းယူထားပြီး ကလပ်ကစားသမားဘဝမှာ ဂိုးဖန်တီးမှု ၁၆၂ ကြိမ်အထိ စွမ်းဆောင်ထားနိုင်ပါတယ်။

အင်နီယေစတာက လာမယ့်ဗုဒ္ဓဟူးနေ့၊ Khor Fakkan နဲ့ရင်ဆိုင်ရမယ့် ယူအေအီးပရိုလိဂ်ပွဲစဉ်မှာ ပါဝင်ကစားပေးပါလိမ့်မယ်။ ဒါပေမယ့် ဂန္တဝင်မြောက်ကွင်းလယ်လူက အရှေ့အလယ်ပိုင်းဒေသ ကစားသမားဘဝကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ ကစားသမားဘဝအနားယူချိန်မှာ နည်းပြ သို့မဟုတ် အားကစားဒါရိုက်တာအဖြစ် ဘောလုံးလောကမှာ ဆက်ကျင်လည်သွားဖို့ ဆန္ဒရှိတယ်လို့ ဝန်ခံပြောဆိုပါတယ်။
 
စပိန်လက်ရွေးစင်ဟောင်း အင်နီယေစတာက ဘဝကိုပြောင်းလဲသွားစေတဲ့ ပွဲစဉ်တစ်ခုအဖြစ် ပရိုကစားသမားဘ၀ ပွဲ ၁၀၀၀ ကျော်ကစားခဲ့တဲ့ ဂန္တဝင်မြောက်ခရီးလမ်းမှာ အကြိုက်ဆုံးပွဲစဉ်တစ်ခု အကြောင်းကို ထုတ်ဖော်ပြောပြလာပါတယ်။

အမှတ်ရစရာပွဲစဉ်များစွာနဲ့အတူ ဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုကျော်ဖြတ်ကာ ကမ္ဘာ့ဖလားချန်ပီယံဆု အပါအဝင် ဆုဖလား ၃၁ လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်သားက ဘာစီလိုနာကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ဘရုဂျက်နဲ့ရင်ဆိုင်ရတဲ့ အဝေးကွင်းပွဲစဉ်ကို သူ့ရဲ့အကြိုက်ဆုံးပွဲစဉ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ကတ္တလန်သားတွေက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အင်နီယေစတာကိုယ်တိုင် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။

#စပိန် #အင်နီယေစတာ