ရှေ့သို့
Image

ဘာစီလိုနာ နည်းပြဘဝကာလမှာ မမျှတတဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ထုတ်ပြောလာတဲ့ ဇာဗီ

1:44 PM, 13 March

ဒီနေ့မနက်ပိုင်း၊ နာပိုလီကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဆီ ဘာစီလိုနာကို ပို့ဆောင်ပေးခဲ့ပြီးနောက် နည်းပြဇာဗီမှာ သူရင်ဆိုင်ခဲ့ရတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ဖို့ စကားလုံးအနည်းငယ် ရှိနေခဲ့ပါတယ်။

ဘာစီလိုနာက နာပိုလီကို ၃-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်နောက်ဆုံးရှစ်သင်းစာရင်းမှာ ပါဝင်နိုင်မယ့် အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက အခုဘောလုံးရာသီကုန်မှာ ရာထူးမှ ထွက်ခွာမယ်လို့ တရားဝင်ကြေညာထားတဲ့ ဘာစီလိုနာ နည်းပြဇာဗီနဲ့ ကတ္တလန်ဒေသအင်အားကြီးကလပ်အသင်းအတွက် စိတ်ပျက်စရာဘောလုံးရာသီတစ်ခုအကြား တောက်ပတဲ့ မျှော်လင့်ချက်လင်းရောင်ခြည်တစ်ခု ဖြစ်လာပါတယ်။

စီးရီးအေ လက်ရှိချန်ပီယံတွေကို အနိုင်ယူပြီးနောက် ဇာဗီတစ်ယောက် ပျော်ရွှင်မြူးထူးနေပြီး အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်ကောင်းတွေ ပြန်လည်ရရှိနေခဲ့ပါတယ်။

Movistar သတင်းဌာနနဲ့ တွေ့ဆုံချိန် ဇာဗီက “ကြီးကျယ်ခမ်းနားတဲ့ ပွဲကောင်းတစ်ခုကို ကျွန်တော်တို့ ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ အသင်းက ပွဲချိန်အများစုမှာ လွှမ်းမိုးကစားနိုင်ခဲ့ပြီး ဒါကြောင့်ပဲ ကစားသမားတွေအတွေက် ကျွန်တော် အတော်လေးဂုဏ်ယူမိပါတယ်။ ကျွန်တော် ထွက်ခွာတော့မယ်လို့ စောစောစီးစီးကြေညာလိုက်ပြီးချိန်မှာပဲ ဒီလူစာရင်းပိုင်းက နောက်ထပ်ကြီးမားခြေလှမ်းသစ်တစ်ခုကို လျှောက်လှမ်းနိုင်လိမ့်မယ်လို့ လူတိုင်းကို ကျွန်တော် သတိပေးခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ ကျွန်တော်တို့အတွက် တကယ့်ကိုပျော်ရွှင်ရစေမယ့် အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ လူတွေက ကျွန်တော့်အပေါ် မယုံကြည်ခဲ့ကြသလို အဝတ်လဲခန်းအတွင်းထောက်ခံမှုပါ ဆုံးရှုံးသွားခဲ့ပြီလို့ ပြောခဲ့ကြပါတယ်။ ကျွန်တော်တို့တွေက မျှတမှုမရှိတဲ့ဝေဖန်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က ဥရောပအဆင့်မှာ ယှဉ်ပြိုင်နိုင်မယ့် အသင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးပြီဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဒီအသင်းက ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးပိုင်ဆိုင်မှုမရှိချိန်မှာပါ အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဇာဗီက အခုပွဲစဉ်မှာ နောက်ထပ်အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုးနဲ့အတူ ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ဆယ်ကျော်သက်ကစားသမား ပါအူကူဘာစီကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

“ကူဘာစီက စိုးရိမ်ထိတ်လန့်နေတာမျိုး မရှိခဲ့ပါဘူး။ ဒီအောင်မြင်မှုမှာ သူ့ရဲ့အကူအညီပါဝင်ပါတယ်။ သူရဲ့ဘောလုံးဆွဲပြေးတဲ့ပုံစံတွေကလည်း တကယ်ကောင်းခဲ့ပါတယ်။ သူ့မှာ အခုလိုအေးဆေးတည်ငြိမ်မှုမျိုး ရှိပြီး အသင်းနဲ့လည်း ချိတ်ဆက်ကစားနိုင်ခဲ့ပါတယ်။ သူကစားတာကို မြင်တွေ့ရတာ တကယ့်ကို ကြည်နူးစရာကောင်းပါတယ်။ ကျွန်တော်တို့အသင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ သိပြီးသားပါ။ အပြုသဘောဆောင်တဲ့ စိတ်ဓါတ်ပိုင်းနဲ့အတူ ဒီအသင်းဟာ အခုနိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ယူဆမိပါတယ်။ ဒါပါပဲ။ အခုအချိန်မှာတော့ ကျွန်တော်တို့က မဲခွဲမှုရလဒ်ကိုစောင့်ဆိုင်းနေကြပြီး ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်ကို စောင့်မျှော်နေကြပါတယ်”လို့ ဇာဗီက ဆက်ပြောခဲ့ပါတယ်။

ဘာစီလိုနာက လတ်တလောဘောလုံးရာသီတွေ အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အထူးသဖြင့် ဒီဂျောင်၊ ပက်ဒရီ၊ ဂါဗီ၊ ဘယ်လ်ဒီတို့လို အဓိက ကစားသမားတွေကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ရချိန်မှာ အခုလိုနိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့လို့ ကျေနပ်နေကြပါလိမ့်မယ်။ ဘာစီလိုနာအနေဖြင့် ပြိုင်ပွဲမှာ ဘယ်လောက်အတိုင်းအတာအထိ ရှေ့ဆက်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရဖို့ရှိနေပြီး နာပိုလီကို အနိုင်ရရှိမှုကြောင့် အတိုင်းအတာတစ်ခုအထိ စိတ်ဓါတ်ပိုင်း အားကောင်းလာနိုင်ပါလိမ့်မယ်။

နောက်ထပ်ပွဲကြီးပွဲကောင်းတစ်ခုနဲ့ရင်ဆိုင်ရဖို့ ရှိနေလို့ ကတ္တလန်ကလပ်အသင်းဟာ အောင်ပွဲခံရမယ့်အချိန် အများကြီးမရရှိနိုင်ပါဘူး။ ဇာဗီရဲ့အသင်းက လာမယ့်တနင်္ဂနွေနေ့၊ ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးမှာ အက်သလက်တီကိုမက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

#ဘာစီလိုနာ #ဇာဗီ #နာပိုလီ #ချန်ပီယံလိဂ်