ရှေ့သို့
Image

ဘာကြောင့်အသင်းနဲ့ဆိုင်တဲ့ လူမှုမီဒီယာအကောင့်တွေကို ဖျက်ရလဲဆိုတာကို ဒီယာလို ထုတ်ဖော်ပြောကြား

8:11 AM, 13 March

ယူနိုက်တက်လူငယ်စတား အာမက်ဒီယာလိုက သူ့အနေနဲ့ အသင်းနဲ့ဆိုင်တဲ့ လူမှုမီဒီယာအကောင့်တွေကို ဘာကြောင့်ဖျက်ရလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပြီး အခြားသူတွေအနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို အမုန်းပွားစေမယ့်ဟာမျိုး ပြောကြားတာကို ရပ်တန့်ဖို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အသင်းနဲ့ဆိုင်တဲ့ တွစ်တာ ၊ အင်စတာဂရမ်စတဲ့ အကောင့်တွေကို ဖျက်ခဲ့ပြီးနောက် ဒီယာလိုဟာ တနင်္လာနေ့တုန်းက ဝေဖန်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ တန်ဟက်လက်အောက်မှာ ပါဝင်ခွင့်ရရှိနေပေမယ့် အသက် ၂၁ နှစ်သားအတွက်တော့ စိတ်ရှုပ်စရာရာသီတစ်ခုဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဆန်းဒါးလန်းမှာ အောင်မြင်ခဲ့ပြီးနောက် ဒီယာလိုဟာ တန်ဟက်လက်အောက်မှာ ဆက်လက်အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မျှော်လင့်ထားသလိုဖြစ်မလာပဲ ဒီယာလိုဟာ ဒီရာသီယူနိုက်တက်အတွက် ၃ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး အဆိုပါ ၃ ပွဲစလုံးကလည်း လူစားဝင်အဖြစ်သာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဒူးဒဏ်ရာကနေ ပြန်လာပြီးကတည်းက ဒီယာလိုဟာ ပရီးမီးယားလိဂ် ၂ ပွဲကို ၄၆ မိနစ်မှာမှ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ တနင်္လာနေ့တုန်းက ဒီယာလိုတစ်ယောက် သူ့ရဲ့လှုမှုမီဒီယာအကောင့်တွေကို ဖျက်သိမ်းခဲ့ပြီး တွစ်တာကနေ “this will all end” ဆိုပြီး နောက်ဆုံးတင်ခဲ့ပါတယ်။

အဲ့နောက် ဒီယာလိုက အခုလိုမျိုးပြန်လည်ရှင်းပြခဲ့ပြီး “ကျွန်တော့်လူမှုမီဒီယာအကောင့်တွေကို ခနနားထားတာပါ။ ရာမန်ဒန်အပေါ်အာရုံစိုက်ချင်တာကြောင့် ၁ လလောက်နားထားတာပါ။ အမုန်းစကားတွေရပ်ကြပါတော့။ ကျွန်တော်လုပ်တာ ဘာမှမမှားပါဘူး။ ဒီက ကျွန်တော်တို့ဘာသာရေးပါ။ လူမှုမီဒီယာက ဆိုးဝါးတဲ့အရာတွေပဲ မြင်နေရတဲ့နေရာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒီယာလိုဟာ စနေနေ့တုန်းက အဲဗာတန်နဲ့ပွဲမှာ လူစားဝင်ကစားခွင့်မရခဲ့ပဲ အဆိုပါပွဲမှာ ယူနိုက်တက်က ဖာနန်ဒက်စ် ၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ကန်မယ့် လီဗာပူးနဲ့အက်ဖ်အေဖလားပွဲမှာတော့ ဒီယာလိုအနေနဲ့ ပွဲထွက်ခွင့်မိနစ်အချို့ရဖို့ မျှော်လင့်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယာလို #ပရီးမီးယားလိဂ်