ရှေ့သို့
Image

ဘာစီလိုနာရဲ့ပစ်မှတ် ဒီယက်ဇ်ကို တန်ကြေးသတ်မှတ်လိုက်တဲ့ လီဗာပူး

3:05 PM, 12 March

လီဗာပူးဟာ ဘာစီလိုနာရဲ့ပစ်မှတ်ဖြစ်လာပြီး ချဉ်းကပ်မှုတွေပြုလုပ်ခံနေရတဲ့ အသင်းရဲ့တောင်ပံကစားသမား ဒီယက်ဇ်ကို တန်ကြေးသတ်မှတ်လိုက်ပြီလို့ ကိုလံဘီယာသတင်းစာတွေက ဖော်ပြလာခဲ့တယ်။

ဘာစီလိုနာ ဥက္ကဌ ဂျိူအန်လာပေါ်တာက ကစားသမားရဲ့အေးဂျင့်နဲ့ ဆွေးနွေးမှုူတွေ ပြုလုပ်လာခဲ့တာကြောင့် လီဗာပူးဟာ ကစားသမားအတွက် ပေါင်း ၁၀၂ သန်းနဲ့ ၁၂၃ သန်းအကြား တန်ကြေးသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ကစားသမားဟာ ဒီရာသီမှာ လီဗာပူးအတွက် ပုံစံကောင်းပြသထားနိုင်ပြီး အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်ထားနိုင်သော်လည်း လီဗာပူးကတော့ နွေရာသီမှာ အပြောင်းအလဲပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေကဆိုပါတယ်။

သို့သော်လည်း လာပေါ်တာနဲ့ ဘာစီလိုနာတို့ဟာ ဘဏ္ဍာရေးအခြေအနေ ဆိုးဝါးနေတာကြောင့် လက်ရှိ လီဗာပူးက သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်းဆိုရင်တာ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ မသေချာပါဘူး။ ဒီယက်ဇ်ရဲ့ဖခင်ဟာ ယခင်ကလည်း ဘာစီလိုနာသို့ပြောင်းရွှေ့နိုင်ချေကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပြီး ဘာစီလိုနာမှာ ကစားရဖို့က သားဖြစ်သူရဲ့ အိပ်မက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ဇန်နဝါရီလမှာ ပေါ်တိုကနေ လီဗာပူးသို့ ယူရို ၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကိုလံဘီယာလက်ရွေးစင် ကစားသမားဟာ ယာဂင်ကလော့ပ်ရဲ့လက်အောက်မှာ ပြိုင်ပွဲစုံ ၃၈ ပွဲကစားထားပြီး ၁၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။ လက်ရှိအချိန်မှာ ဒီယက်ဇ်အနေနဲ့ ဘာစီလိုနာသို့ပြောင်းရွှေ့နိုင်ချေက ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ဖြစ်နိုင်ချေမရှိသော်လည်း ကစားသမားရဲ့တန်ကြေးကို ကတ်တလန်အသင်းဘက်က လုံးဝပယ်ချခြင်းတော့မရှိသေးပါဘူး။

လီဗာပူးအသင်းဟာ လာမယ့်နွေရာသီမှာ နည်းပြ ယာဂင်ကလော့ပ်ကို ဆုံးရှုံးရမှာဖြစ်ပြီး နည်းပြသစ်တစ်ဦးနဲ့ အစားထိုးရမှာဖြစ်လို့ ကစားသမား အပြောင်းအရွှေ့ ကိစ္စရပ်တွေမှာလည်း ပြောင်းလဲမှုတွေ မြင်တွေ့ရဖို့ရှိနေပါတယ်။

#လီဗာပူး #ဘာစီလိုနာ #ဒီယက်ဇ် #ပရီးမီးယားလိဂ်