ရှေ့သို့
Image

ရိုးမားက မော်ရင်ဟိုရဲ့နည်းဗျူဟာတွေကို ငြင်းပယ်ခဲ့တယ်လို့ ဝန်ခံလာတဲ့ ဒီရော့စီ

3:00 PM, 11 March

ရိုးမားနည်းပြ ဒန်နီလီဒီရော့စီက ယမန်နေ့ညက ဖီအိုရင်တီးနားနဲ့ ၂ ဂိုးစီ သရေကျပြီးနောက်မှာ သူ့ရဲ့အသင်းဟာ နည်းပြဟောင်းမော်ရင်ဟိုရဲ့ နည်းဗျူဟာတွေနဲ့ ချဉ်းကပ်ပုံတွေကို ငြင်းပယ်ပြီး ပြောင်းလဲမှုတွေပြုလုပ်ခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ရိုးမားဟာ နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပြီး ဖီအိုရင်တီးနားရဲ့ဦးဆောင်မှုကို ၂ ကြိမ်တိုင်တိုင်လိုက်လံချေပခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာဒီရော့စီက “ဖီအိုရင်တီးနားက တစ်ဦးချင်း စွမ်းဆောင်ရည်မှာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့လို့ ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေက ပထမပိုင်းမှာအလုပ်မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ပထမပိုင်းစွမ်းဆောင်ရည်က ဆိုးဝါးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပြီးနည်းမျိုးစုံနဲ့ အားထုတ်ခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ရိုးမားဟာ ၃-၅-၂ ကစားကွက်ပုံစံကနေ ၄-၃-၃ ပုံစံကို ပြောင်းလဲကစားခဲ့တာဖြစ်ပြီး ကြီးကြီးမားမားအလုပ်ဖြစ်ခဲ့ကာ စွမ်းဆောင်ရည်ပိုင်းမှာ ကွဲပြားစေခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီရော့စီက “ကျွန်တော်တို့ရဲ့အစီအစဉ်က အလုပ်မဖြစ်တဲ့အချိန်မှာ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ ပြောင်းလဲမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ယူရိုပါလိဂ်ပွဲစဉ်တွေအပြီးမှာ ကစားရတဲ့ စီးရီးအေပွဲစဉ်တွေမှာဆို ပထမပိုင်း ကစားပုံညံ့ဖျင်းလေ့ရှိပါတယ်။ အသင်းက နှစ်အတော်ကြာကစားခဲ့ရတဲ့ နည်းဗျူဟာအတိုင်း ပြန်ပြန်ကစားနေပြီး အခုချိန်မှာတော့ နည်းစနစ်အသစ်နဲ့ အသားကျလာပါပြီ။ နောက်တန်း ၅ ယောက်နဲ့ကစားခဲ့တုန်းက အသင်းဟာ ဂိုးသွင်းနိုင်ဖို့ အရမ်းခက်ခဲခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယခုသရေပွဲကြောင့်ရိုးမားဟာ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့် ၄ နေရာက ဘိုလော့ဂ်နာနဲ့ ၃ မှတ်ကွာဟနေပါတယ်။

ဒီရော့စီက “ဒီလိုပွဲမျိုးမှာ မရှုံးခဲ့တာက အခြေခံအချက်တွေတင်မဟုတ်ဘဲ စိတ်အားထက်သန်မှုအတွက်ပါ တွန်းအားဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော်တို့က သရေရလဒ်တွေကို မနှစ်သက်ပေမယ့် အင်အားကြီးပြီး ရင်ဆိုင်ရခက်ခဲတဲ့ အသင်း တစ်သင်းနဲ့တွေ့ဆုံခဲ့ရတာပါ” လို့ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #ဖီအိုရင်တီးနား #ဒီရော့စီ