ရှေ့သို့
Image

ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးပြိုင်ဘက်တွေကို ထုတ်ဖော်ပြောကြားလာတဲ့ မက်ဆီနဲ့ ရော်နယ်ဒို

1:25 PM, 8 March

သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၂ ဦးလို့ သတ်မှတ်ခံထားရတဲ့ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ သူတို့မှာလည်း ရင်ဆိုင်ရတာခက်ခဲတဲ့ ပြိုင်ဘက်တွေရှိနေကြောင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဘော်လွန်းဒီအော်ဆုကို ၂ ယောက်ပေါင်း ၁၃ ကြိမ်အထိ ဆွတ်ခူးထားနိုင်တဲ့ ကစားသမား ၂ ယောက်ဟာ လက်ရှိဘောလုံးမျိုးဆက်ရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေ ဖြစ်တယ်ဆိုတာ သံသယမရှိလက်ခံထားကြတာဖြစ်ပါတယ်။  ဒါကြောင့် ကစားသမား ၂ ဦးစလုံးဟာ ဥရောပနောက်ခံလူအများစုရဲ့ အိပ်မက်ဆိုးဖြစ်လာခဲ့ပေမယ့် သူတို့ကို တားဆီးနိုင်ခဲ့တဲ့ နောက်ခံလူတွေလည်းရှိနေပါသေးတယ်။

ရော်နယ်ဒိုကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ဖူးတဲ့ ရင်ဆိုင်ရအခက်အခဲဆုံး နောက်ခံလူဟာ ချဲလ်ဆီးကစားသမားဟောင်း အက်ရှ်လေကိုးလ်ဖြစ်ပြီး ကိုးလ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦးဖြစ်ပါတယ်။  ရော်နယ်ဒိုနဲ့ ကိုးလ်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာသာမက နိုင်ငံပွဲတွေဖြစ်တဲ့ အင်္ဂလန်နဲ့ ပေါ်တူဂီတို့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်တွေမှာလည်း ရင်ဆိုင်ခဲ့ဖူးကြတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက “ကျွန်တော် အက်ရှ်လေကိုးလ်နဲ့ နှစ်တွေအများကြီး ထိပ်တိုက်တွေ့ခဲ့ပါတယ်။ သူက ကျွန်တော့်ကို အသက်ရှူဖို့ ၁ စက္ကန့်တောင် အချိန်မပေးပါဘူး။ သူ့ရဲ့ အကောင်းဆုံးအချိန်တွေမှာသူဟာ လျင်မြန်ပြီး အတော်ဇွဲကြီးတာကြောင့် ရင်ဆိုင်ရတာအရမ်းခက်ပါတယ်။ သူပါလာပြီဆိုရင် ဘယ်တော့မှ လွယ်ကူတဲ့ပွဲဖြစ်မှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

မက်ဆီ ပြောပြခဲ့တဲ့ သူ့ရဲ့အခက်ခဲဆုံးပြိုင်ဘက်ကတော့ နာမည်ကျော် ကစားသမားတစ်ယောက်မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်မှာ မက်ဆီက “ဂျီရိုနာအသင်းက ပါဘလို မက်ဖီယိုက ကျွန်တော့်အတွက် ရင်ဆိုင်ရအခက်ခဲဆုံး ကစားသမားပါပဲ။ ကျွန်တော်က အခက်အခဲကို ထုတ်ပြောတတ်တဲ့လူတစ်ယောက်မဟုတ်ပေမယ့် သူကတော့ အတော်လေး ပြင်းထန်တဲ့ကစားသမားပါ” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ သူနဲ့ မက်ဖီယိုတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၂၀၁၇ ခုနှစ်ကပွဲစဉ်ကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပြီး ထိုစဉ်က ဘာစီလိုနာဟာ ဂျီရိုနာကို ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ သို့သော်လည်း မက်ဖီယိုရဲ့စွမ်းဆောင်ရည်ကတော့ အသိအမှတ်ပြုစရာဖြစ်ခဲ့ပြီး မက်ဆီကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်ဆိုတာကို လက်ခံခဲ့ကြရတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ် အပြီးမှာလည်း မက်ဖီယိုက “မက်ဆီက ကျွန်တော့်ကိုပြောတယ်။ မင်းငါ့ကို တစ်နေကုန် ဒီလိုပဲလိုက်ကပ်နေမှာလားတဲ့။ ကျွန်တော်ကလည်း ခင်ဗျားက ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲ။ ကျွန်တော် ခင်ဗျားကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ သူက ကျွန်တော့်အသက် ဘယ်လောက်ရှိပြီလဲလို့ မေးခဲ့ပြီး ကွင်းထဲမှာ ကျွန်တော်တို့ စကားတချို့ပြောဖြစ်ခဲ့ပါတယ်။ သူက လူကောင်းတစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။ တကယ်တော့ မက်ဆီနဲ့ မက်ဖီယိုတို့ဟာ အာဂျင်တီးနားအသင်းမှာလည်း အသင်းဖော်တွေဖြစ်ကြပါတယ်။

#ရော်နယ်ဒို #မက်ဆီ